Tuesday 22 March 2016

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၇၃

💓အချစ်💓


ငါခံယူထားတဲ့ အချစ်

အရော်အစား မဟုတ်ဘူး


အနိုင်အရှုံးလည်း ဟုတ်ဘူး

ဘယ်သူမှသတ်မှတ်မထားပေမဲ့


ငါခံယူထားတဲ့ အချစ်က

သိတတ်နားလည်မှု


ခွင့်လွှတ်သည်းခံမှု

ယုံကြည်မြတ်နိုးမှုတွေအပြင်


သစ္စာစောင့်သိမှုတွေနဲ့

အထပ်ထပ်ဖွဲ့စည်းထားတယ်ချစ်သူ


                         @ရုပ်သေးရုပ်မလေး@

                                NTU
=================================
တဖက်ဆီ


ကမ္ဘာတဖက်မှာနင်နေ
ကမ္ဘာတဖက်မှာ
ငါအခြေချ
နေကျသွားတဲ့
မနက်ညတွေမှာ
ဝေငှဖို့ခွင့်မရတဲ့
တမ်းတခြင်းတွေကကြီးစိုး
မီးခိုးကတိမ်ဖြစ်တဲ့
ကောင်းကင်ထက်မှာ
အလွမ်းလို့
ခေါင်းစဉ်တပ်ထားတဲ့
ကြယ်တပွင့်သာ
မှေးမှိန်စွာအလင်းခြွေ
မင်းနေတဲ့
ကမ္ဘာမှာရော
နှင်းဝေနေတုန်းပဲလားချစ်သူ
မတွေ့ရလည်း
နေ့ညများစွာမမေ့
အသံမကြားလည်း
ကြိမ်ဖန်များစွာ
အတွေးမှာထည့်လို့
ဝေးကွာတဲ့
နေ့ရက်တွေကိုရေတွက်
နေထွက်ရာ
အရှေ့ရပ်ဆီက
လေယဉ်သံကြား
ငှက်တွေကြားက
ဖြတ်ပြေးသွားတိုင်း
အနမ်းတွေ
လမ်းကြုံထည့်လို့
လွမ်းရုံနဲ့လည်း
ငါ့။
နေသာပါပြီချစ်သူ့။



        သူရဇ္ဇ
=================================
  အဖြည့်ခံ

မင်းရွေးသွားတဲ့လမ်း
ရင်နာအောင်
လွမ်းရမယ်ဆိုတာ
မသိခဲ့ဘူးလား
ချစ်သူ
မေ့နိုင်တဲ့နင်
ငါ့အကြင်နာတွေကို
ဥပေက္ခာပြု
မမေ့နိုင်တဲ့ငါ
အတိတ်တနေရာဆီက
ချစ်ရက်တွေကို
အမြစ်ဖြတ်ဖို့
မစွမ်းသာ
အလွမ်းနာကို
တိတ်တဆိတ်
ပုံဖော်လို့
ကြွေလွင့်သွားတဲ့
ရော်ရွက်တွေကြား
နင်ထားတဲ့အတိုင်းသာနေ
နင်စေရာ
ရေမဖြစ်တဲ့ငါ့ကို
နေရစ်ဖို့နင်ဆို
မမြင်လိုလှည့်ထွက်
ငဲ့ကွက်ဖို့ဝေး
နင်ပေးတဲ့
အဆိပ်တခွက်နဲ့
ငါသေသည်အထိ
အိပ်စက်လို့
တစိတ်တစက်မျှ
မပိုင်တော့တဲ့
ငါ့ချစ်သူနင်
အမြင်မတော်စရာတွေကြားမှာ
နင်ပျော်ပါစေသားလို့
ဆုတောင်းပါတယ်
ချစ်သူ့။


        သူရဇ္ဇ
=================================
  မြေစာပင်

လှည့်စားမှု့ရဲ့နောက်ကွယ်
ဘယ်သူနိုင်တယ်
ဘယ်သူရှုံးတယ်မသိ
အယုံလွယ်တဲ့
ငါ့နှလုံးသားလေးက
မြေစာပင်
ဖြစ်ခဲ့ရတယ်
တစစ်စစ်နာကျင်ခဲ့ရပေမယ့်
သင်ခန်းစာရခဲ့ပြီ
ငိုနေပေမယ့်
ရှိုက်သံမထွက်အောင်
ထိန်းချူပ်တက်ခဲ့ပြီ
ခံရခက်ပေမယ့်
နှုတ်ခမ်းက
ပြုံးနေနိုင်အောင်
ဟန်ဆောင်တက်ခဲ့ပြီ
မြေစာပင်
ဖြစ်ခဲ့ရရှာတဲ့
ငါ့နှလုံးသားကိုတော့
နှမျောမိတာအမှန်
နင်ဖြစ်စေချင်တာ
အခုလို့အဖြစ်မျိုးဆိုရင်
နင်နိုင်ပါတယ်ချစ်သူ
ဟန်ဆောင်ခြင်းတဖက်
လှည့်စားခြင်း
အတက်နဲ့
ငါအသက်မထွက်ရုံ
နင်လုပ်ခဲ့တယ်
နင့်။
အပြတ်အသတ်ကို
နိုင်ပါတယ်ချစ်သူ




        သူရဇ္ဇ
=================================
တောင်သူလယ်သမားနေ့

ပိုးမွှားမကြောက်
ရေမြောင်းလျှောက်လို့
တံဇဉ်ကိုကိုင်
မိုးဖြိုင်ဖြိုင်ကျ
နေပူလှလည်း
အားခဲရုန်းကန်
ချွေးသံရွှဲရွှဲ
မောလည်းမပျင်း
ရွှေရောင်ဝင်းတဲ့
လယ်ကွင်းတွေကြည့်
ပီတိဖြစ်မိ
နိုင်ငံစပါးကျီ
ဝမ်းစာမှီဖို့
နေပူမကြောက်
စောင့်ရှောက်ရ၏
မိုးရွာမစဲ
လယ်ထဲမှာအိပ်
မှေးမိတ်ရ၏
ခိုက်ခိုက်လျက်
နှင်းပက်လှလည်း
ပုဆိုးခြုံကွေး
နွေးထွေးရ၏
ရင်းသမျှမကျေ
ပေးငှဝေဆဲ
ခါးကမာန်နဲ့
စပါးကဆန်ဖြစ်
ချွေးနဲ့စစ်၍
ဘေးမှာစွန့်ပစ်
ဆန်ကွဲအနှစ်သာ
သူတို့စား၏
ထိုမျှမက
လိုတရဖို့
အသက်၏တဝက်
တိုင်းပြည်အတွက်
သွေးချွေးဆပ်လို့
ပေးအပ်တာဝန်
ကျေပွန်စေခဲ့
ဂုဏ်အင်ကြီးမား
လယ်သမားများအား
နေ့ညမပြတ်
ဂုဏ်ပြုထပ်၍
ကျန်းမာစေကြောင်း
ဆုတောင်းပါ၏့။

        သူရဇ္ဇ

မတ် လ(2)ရက်နေ့တွင်ကျရောက်သောတောင်သူလယ်သမားနေ့အားဒီကဗျာဖြင့်ဂုဏ်ပြုပါသည်
=================================
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ