"မမ အလုပ်ဝင်တော့မယ်ဆို"
"ဟုတ်တယ် လင်း
မမ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ အလုပ်လျှောက်ထားတာ ရတယ်။
အင်္ဂါနေ့ အလုပ်စ၀င်ရမယ်။ သန်ဘက်ခါမနက်သွားဖို့အတွက် ကား
လက်မှတ်မှာထားပြီးပြီ"
"မမ အဲဒါတွေ ကျွန်တော့်ကို ဘာလို့မပြောတာလဲ"
"ပြောဖို့ကို လင်း မှ မအားတာကွယ်
မမ ဆီကို လင်း မလာတာ ဘယ်လောက်ကြာသွားပြီလဲ ပြန်စဉ်းစားပါဦး
လင်းရဲ့"
နွယ် အခုလို ပြောလိုက်တော့လည်း မျက်နှာပျက်ယွင်းစွာနဲ့
"မမ ရယ် ကျွန်တော်လေ .. အခု ….."
"မမ အားလုံးသိပါတယ် လင်း
လင်း တက္ကသိုလ်ကို သွားသွားနေတာရော
မြတ်နိုးငယ် ဆိုတဲ့ ကောင်မလေးနဲ့ တွဲနေတာရော
မမ အားလုံး သိပြီးသွားပြီ လင်း"
“ဗျာ မမ ... ကျွန်တော် တောင်းပန်ပါတယ် မမ
ကျွန်တော်လေ ..”
“မလိုပါဘူး လင်းရယ် တောင်းပန်ဖို့ မလိုပါဘူး”
“မမ နားလည်ပါတယ်
တကယ်တော့ မမ တို့ စိတ်အလိုလိုက်ခဲ့ကြတာပါ
နီးစပ်မှုကို သာယာခဲ့ကြတာ လင်းရဲ့
လင်းကလည်း စိတ်ကစားပြီး မမ ကို ချစ်တယ်ထင်ခဲ့တယ်
မမ လည်း ဒီလိုပဲ
လင်း ကို မောင်လေးတစ်ယောက်လိုပဲ ချစ်ခဲ့တာ ဖြစ်မှာပါ
မေမေက သမီးတစ်ယောက်တည်းမွေးထားခဲ့တော့ လင်းကို
အရမ်း ခင်တွယ်သွားမိတာကို ချစ်တယ်လို့ ထင်ခဲ့မိတာ၊
ပြီးတော့ လင်းက မမ စကားအမြဲနားထောင်တတ်တယ်လေ
မမ စကားအမြဲနားထောင်တဲ့ လင်း ကို မမ လက်ခံခဲ့မိတာပါ”
“မမ တကယ်နော်
ကျွန်တော် ၀မ်းသာလိုက်တာ မမ ရာ
ကျွန်တော် မမ ကို သိပ်ချစ်တာပါ
ကျွန်တော် လိုသမျှတွေကို မမ က အမြဲဖြည့်ဆည်းပေးခဲ့တော့
မမ မရှိရင် မနေတတ်သလိုတွေ ဖြစ်ခဲ့တာ
တကယ်တော့ မမ ပြောသလိုပဲ ကျွန်တော့် မှာ အစ်မ မရှိခဲ့လို့
ချစ်သူတစ်ယောက်လို ချစ်တယ်လို့ ထင်ခဲ့တာဖြစ်မယ်နော်
ကျွန်တော်လေ မမ ကို ချစ်လည်းချစ် အားလည်း အားကိုးခဲ့တာ မမ ရဲ့”
“အခု မြတ်နိုး နဲ့တွေ့မှ ကျွန်တော်လေ ကျွန်တော် ... "
“မမ နားလည်ပါတယ် လင်းရယ် ။ မမ ကို နောက်ဆံမတင်းနဲ့။
မမ နဲ့ လင်း က အမြဲတမ်း မောင်နှမတွေပဲပေါ့ လင်းရယ်။
လင်း ဘာကိစ္စပဲရှိရှိ မမ ကို တိုင်ပင်ပေါ့ ဟုတ်လား
ကဲ လင်းရေ မိုးချုပ်နေပြီ မမ တို့ ပြန်ကြစို့
မနက်ဖြန်လည်း မတွေ့တော့ဘူးနော်
မမ တစ်ခါတည်း နှုတ်ဆက်တယ်
သန်ဘက်ခါ ခရီးထွက်ဖို့အတွက် မမ ပြင်ဆင်စရာတွေ ရှိသေးတယ်
ဟိုရောက်လို့ အခြေအနေပေးရင် မမ ဖုန်းဆက်မယ်နော်
လင်း လိမ်လိမ်မာမာနေ ဟုတ်ပြီလား
မြတ်နိုးလေးကိုလည်း ဂရုစိုက်”
“ဟုတ်ကဲ့ပါ မမ
မမစကားကို ကျွန်တော် နားထောင်မှာပါ”
သြော် လင်း ရယ်
မောင်အရင်းတစ်ယောက်လို ချစ်ခဲ့တယ်လို့သာ တစ်သက်လုံး မှတ်သွားပါ
တော့ကွယ် ..
♥ ♥ ♥ ♥ ♥ ♥ ♥
ဘာလိုလိုနဲ့ လင်း အနားကနေ မမ ထွက်လာပေးခဲ့တာ အတော်ကြာ
ခဲ့ပြီနော်
အလုပ်လုပ်ရတာ အဆင်ပြေပါတယ် လင်း
လမ်းဆောက်လုပ်ရေးလုပ်ငန်းတွေကို လုပ်ရတာဆိုတော့ နည်းနည်းတော့
ပင်ပန်းတာပေါ့ လင်းရယ်
အခု မမ ထန်းပင်စု ဆိုတဲ့ ရွာကလေးမှာလေ
ရွာထဲကနေ မြို့ကို သွားတဲ့လမ်းအသစ် ဖောက်တဲ့ လုပ်ငန်းခွင်မှာပေါ့
မနက်ဖြန်မှာ ဖွင့်ပွဲ လုပ်ဖို့ မမတို့ အလုပ်တွေရှုပ်နေကြတာ
ဒီလမ်းသစ်က လမ်းကြောင်းလည်းတိုသွားတယ်။ မြေသားလည်း ပိုမြင့်တယ်။
ရွာကနေ မြို့ကို ကျောင်းတက်ရမယ့်ကျောင်းသားတွေ၊ ကုန်စည်ပို့တဲ့
သူတွေအတွက် အရင်ထက် ပိုပြီး အဆင်ပြေတော့မှာလေ
ဒီရွာအတွက် အရေးပါမယ့် လမ်းဖြစ်လာမှာပေါ့ လင်းရယ်
ဒီလမ်းဖွင့်ပြီးသွားရင်တော့ ကွေ့ပတ်ပြီးသွားရတဲ့ အရင်လမ်းဟောင်းကို
သူတို့ သုံးဖြစ်ကြတော့မယ် မထင်ဘူး။
♥ ♥ ♥ ♥ ♥ ♥ ♥
“ဟော နွယ်
ခုထိ ရေမချိုးသေးဘူးလား ကေသီတောင် ရုံးကနေ တစ်ခေါက် ပြန်လာပြီ။
ဓာတ်ပုံတွေကြည့်ရင်းနဲ့ အယ်လ်ဘမ်ထဲတော့ ၀င်မသွားပါနဲ့
ဒေါ်နွယ်သာကီရယ်”
“မဟုတ်ပါဘူး ကေသီရယ် နွယ် စဉ်းစားနေတာ
မနက်ဖြန် နွယ်တို့ ဆောက်ခဲ့တဲ့ လမ်းသစ်ဖွင့်ပြီးသွားရင် အားလုံးက
ဒီလမ်းကပဲ သွားကြတော့မှာလေ
မျက်နှာငယ်နေမယ့် အရင်လမ်းဟောင်းလေးကို သနားမိလို့ပါ”
“ဖြစ်ရလေ နွယ်ရယ်
ပိုကောင်းပြီး အရေးပါတဲ့ လမ်းသစ်ရှိမှတော့ လမ်းဟောင်းကို
ဘယ်သူက သုံးတော့မှာလဲ အင်ဂျင်နီယာမကြီးရဲ့၊
ကဲကဲ ရေချိုးတော့။ အတွေးတွေ သိပ်မများနဲ့။”
ဟုတ်တယ်နော် လင်း
ပိုမိုကောင်းမွန်တဲ့ အသစ်ကိုတွေ့ရင် အဟောင်းကိုမေ့သွားတတ်ကြတယ် ..
ဒါကလည်း လောကဓမ္မတာတစ်ခု ဆိုတာ မမ သိပါတယ်လေ ...
ဒါပေမယ့် လင်းရယ် .. သက်မဲ့ပစ္စည်းတွေ ဟောင်းနွမ်းသွားခဲ့ရတာ
ဘာမှ မထူးခြားပေမယ့်
မနွမ်းပေမယ့် ဟောင်းသွားရခဲ့ရတဲ့ သက်ရှိလူသားတစ်ယောက်ရဲ့
နှလုံးသားကတော့ ....
♥ ♥ ♥ End ♥ ♥ ♥
Credit - သံစဉ်ဖြူဖြူ
အောင်မြင့်မြတ်(Myanmar Youths)