Thursday 9 February 2017

ကဗျာဂျာနယ်အတွဲ ၂ အမှတ် ၎

*       ကုစားခွင့်မရှိသော နာရီများ            *

မျှော်လင့်ချက်တွေကုန်ဆုံးတော့မဲ့လူပါ
အိပ်မက်တွေခမ်းနားဖို့ဆိုတာမရေရာမသေချာတော့တဲ့
အိပ်မက်တခုလိုပါပဲ
ကြယ်တွေစုံတယ်
ကြယ်တွေကြွေတယ်

စကြာဝဠာကို မေးငေါ့တယ်
ဒါအရွဲ့တိုက်တာလားလို့မေးတော့
မချိ ပြုံးလေးပြုံးပြတော့တာပဲ

အခုဒီကဗျာကို
ညမှောင်မှောင်မီးရောင်အောက်မှာ
လမ်းလျှောက်ရင်းရေးတယ်

ဝေလရဲ့လူဖြစ်ခွင့်ပေးပါဆိုတဲ့ သီချင်းက
ငါ့ရင်ခွင်မှာ အိပ်စက်တယ်
ပတ်ဝန်းကျင်ကို နားကြပ်တပ်လို့လွတ်မြောက်ခွင့်ပေးတယ်

ကြယ်တွေစုံတဲ့ညကိုမလိုချင်ဘူး
တပွင့်တည်းသောကြယ်ကလေးလင်းလက်မဲ့အချိန်ကိုပဲတမ်းတတယ်
လမင်းကြီးလဲ တခြမ်းပဲ့လို့ ရင်တွေပူတယ်
ရေ ...
ရေ ...
ရေ ...
ငါ့ကို ရေပေးပါ

ကောင်းလိုက်တဲ့ အရသာ
င့ါရင်ထဲမှာ နွေးထွေးလို့ ဆောင်းရာသီကို အေးမြစေတယ်

ခံစားချက်နဲ့မတိုက်ဆိုင်
မြူးကြွတဲ့ သီချင်းတွေနားထောင်မိလဲ
မင်းကတော့ အမြဲလိုလို ဝင်ရောက်လာတယ်

ငါ့နှလုံးသားထဲ
မျက်ဝန်းနက်နက်တွေထဲ လိပ်ပြာလေးတွေပျံ ဝဲ

မင်းနဲ့ဝေးမလားလို့ လမ်းလျှောက်တယ် ခက်တယ်ဟာ
ငါရပ်မိနေတဲ့ အရိပ်ဟာ မင်းပဲဖြစ်ဖြစ်နေတယ်
ဆောင်းနှင်းစက်လေးတွေအေးမြပေမဲ့
မင်းစိတ်ကလေးနဲ့ နွေးထွေးပါတယ်
       


အချိန်ရထားကြီးကအချိန်မှန်မှန်ပဲဆိုက်ရောက်လာပါတယ်
ခရီးသွားခါနီးမှ လက်မှတ်ကျ ပျောက်ရတာကိုမုန်းတယ်
သစ်ရွက်ကလေးတွေက
မျက်စိတမှိတ်အတွင်းမှာပဲရာသီပြောင်းတယ်

ဒီလိုနဲ့
တဘူတာဆိုက်ရောက်ရပြန်ပေါ့

အနားယူမဲ့စိတ်တွေက သူမရှိရာသို့ ဦးတည်လျက်
ဗြုန်းကနဲ မိုးသီးပေါက်တွေကြွေကျတယ်

အိုကေ
အတိတ်ကိုပြန်သွားမယ်

ပစ္စည်းဟောင်းတွေရမယ်
ပစ္စည်းဟောင်းတွေရမယ်

လေလံပစ်နေတဲ့ ပစ္စည်းတွေကြားမှာ ရွှေစင်ရုပ်ထုကိုတွေ့တယ်

စခေါ်ကြေးတထောင်တဲ့
ရောရောင်ကာလက်ထောင်ပြမိတော့
ကိုယ့်နောက်က သူစိမ်းကရွှေစင်ကိုရွှေအတိပြီးစေတယ်

ဒီလိုနဲ့ ဒီနှစ်အကယ်ဒမီကိုကိုယ်လွဲခဲ့ဖူးပြီ
ရွှေရုပ်ကလေးရယ် ဘိုင့်ဘိုင်ပေါ့
                                     Phyur.../\/*L့
*********************************************
*  ပင်မြင့်ထက်က နွမ်းလျ ပန်း  *

အပင်မြင့်လေ လေတိုက်လေတဲ့
ဟန်နီ
တကယ်လဲတိုက်ခဲ့ပါတယ်
ကောင်းသတင်းနဲ့တော့မဟုတ်
ဒီသစ်ပင်ကြီးက
မကောင်းသတင်းနဲ့
အရပ်ထဲမှာမြင့်မားနေခဲ့တာပါ
လေတွေလဲအရမ်းကိုတိုက်ခဲ့တာပေါ့

ဒါကြောင့်မို့လားမသိဘူး
ကိုယ်အနွှေးထည်ထူထူလေးဝတ်ထားရတယ်
ဒါတောင် တိုက်ခက်မှုတွေက
မရပ်မနားပြင်းထန်နေဆဲပဲ

နဂိုကတည်းကပင်
အေးစက်နေတဲ့နှလုံးသားဟာ
နှစ်ထပ်ကွမ်းအနာတရဖြစ်လို့

ကာရိုက်တာများတဲ့မင်းသားပေါ့
ဟန်နီရယ်
ဘယ်ဇာတ်ဝင်ခန်းမှာပဲဖြစ်ဖြစ်ကိုယ်သရုပ်ဆောင်တတ်ပါတယ်
အမေ့ခံပြက်လုံးများနဲ့
ရာစုသစ်ကိုသိမ်းပိုက်မယ်ဆိုတဲ့စိတ်မှာ
သစ်ရွက်နုနုလေးတွေကြွေဖြစ်အောင်ကြွေသွားသေးတယ်

ကိုယ်ယူကြုံးမရဘူးကွယ်
ဘယ်သူခုပ်ခုပ် မတုန်လှုပ်တဲ့  သစ်အရုပ်
ဘယ်သူတက်တက် အခင်မင်မပျက်တဲ့ သစ်ပင်
အခုတော့ ပုဆိန်လိုထက်တဲ့
သူ့စကားသံတွေထဲမှာ ဆန့်ငင်ဆန့်ငင်နဲ့တဲ့

အရှင်ရုက္ခစိုးနတ်မင်းကြီးရယ်
ကျွန်တော့ မိန်းကလေးကို ဗွေမယူပါနဲ့
အချစ်ရဲ့ပြယုဂ်ကို သရုပ်ဖော်ဖို့မတတ်တဲ့အတွက်
ကျွန်တော့မှာသာအပြစ်ရှိခဲ့ပါတယ်

ကျိုးခဲ့ရပြီလေ
အပင်မြင့်လေ လေတိုက်လေတဲ့
နှုတ်ဆက်ခဲ့ပါပြီ
ပင်မြင့်ထက်ကပန်းတပွင့်လဲ သစ်ရွက်လေးတွေနဲ့ရောရောင်ကာကြွေ    

ဒါပေမဲ့ဟန်နီရေ
အကြွေလှလောက်အောင်
မြေမခခဲ့ပေမဲ့ 
သင်နင်းလျှောက်မဲ့ ခြေလှမ်း
ခြေဖဝါးအောက်က နွမ်းလျနေတဲ့ပန်း
ပန်းလေးလဲရနံ့နဲ့ပဲဝေတာပါ အချစ်ရယ်
မနမ်းထိုက်ချင်တောင်
လှပစွာ ခြွေသင့်တယ်ကွယ်
                             Phyur.../\/*L့
*********************************************
*    နွေ ပုံပြင် နဲ့ ဒွါရာဝတီ     *

ကံ့ကော်ပန်းလေးတွေ လန်းပါစေ
ဥသြပျော်ချိန်
ပိတောက်တွေ ဝါလို့ဖွေးတာ
လရိပ်အေးအေးလေးမှာပေါ့
ဒွါရာဝတီ သို့ သံတွဲမြို့ ။

ဒွါရာဝတီ လေးမည်တွင်သတဲ့
တောင်တံခါး နဲ့ မြို့ရှင်ပျံ
အာကာဝယ်ဆန်တက်ပါတယ်
မသေသောမြို့ရဲ့ သမိုင်းမှန်
ဂုဏ်ယူရပါတဲ့ ဒို့မြို့ကို
အလည်တခေါက်တော့
အရောက်လာ
ဖိတ်ခေါ်တာ ခင်လို့မင်လို့
အအေးဆိုင်တူတူထိုင်
မုန့်လေးတွေတူတူစား
ကျောင်းများလဲ ပိတ်လို့နော်
တူယှဉ်တွဲ နွှဲပျော်ကြတာ
ရေကစားပွဲတော်

ဗျာဒိတ်ရ ဘုရားသုံးဆူနဲ့
ဆံ အံ နံ ဓာတ်တော်စစ်တွေက
ကွန့်မြူးကာတောက်ပ
ဆုတောင်းလဲပြည့်ကြသတဲ့
တနေ့တော့ရောက်အောင်လာ
မြို့ဒွါရာရဲ့ ဇလွန်နယ်ထဲမှာ
ရဟန္တာမြတ်နှစ်ပါးလဲဖူးကြမယ်

အလှူ့ မင်္ဂလာ ကျောင်းဒကာ
စတုဒီသာနဲ့
မိတ်ရင်းဆွေတသင်းမခွဲခြား
သူစိမ်းလဲမထား
စားပါလို့ဖိတ်ခေါ် လှည့်
ရခိုင်မုန့်တီဟင်းခါးရည်လေးနဲ့
ပျော်ပျော်ပါးပါး
တေးချင်းများလဲဆိုကြ

အပန်းဖြေ လေညင်းခံ
ဘောလုံးကန် အပေါင်းသင်းတွေနဲ့
ငပလီမှာ အုန်းရည်သောက်
သဲဖြူ ဖြူ ကမ်းစပ်ပေါ်
ကျန်းမာအောင်လမ်းလေးပါလျှောက်
လှိုင်းပြာရေတွန့် နဲ့ ပင်လယ်မှာ
ခရုခွံလဲကောက်
ရေသူမရုပ်နဘေး
မောင်နဲ့မယ် ပိုစ့်အပြိုင်ပေးလို့

အမှတ်တရ ဓာတ်ပုံက
ငပလီအင်္ကျီလေးနဲ့
လှေစီးကာလျှောက်လည်ကြမယ်
အချစ်ရယ် သဲဖြူ ကျွန်းတခေါက် ။

အိမ်အပြန် ရခိုင်လက်ဆောင်နဲ့
အမြန်ရောက်ပါတဲ့
ရွှေဧည့်သည်
အဝေးပြေးအိတ်စ်ပတ်နဲ့
လေဆိပ်လဲရှိတယ်
မနှေးကွယ် အရောက်သာလာလို့
အပြေးတမယ် သွားလည်ပတ်ရအောင်
အဆွေတို့ရယ် လှမ်းခဲ့လိုက်စမ်း။
                                  မျက်ရည်
*********************************************
*   စိတ်ဖြေတေး   *

မင်းနှုတ်ခမ်းလေးတွေကောက်
မောင့်အသဲလမ်းတလျှောက်
စိုးထိတ်ကာအောင့်
မင်းကြောင့် မင်းကြောင့်

အချစ်လူဆိုးမလေး
အနားနားမှာ ကပ်ကာချွဲ
အသဲထဲ သိမ့်သိမ့်တုန်
ရင်ခုန်အောင် ပြု စား

စကားတခွန်းမှားယွင်းစွာ
ထွက်ခွာတဲ့ နှုတ်ခမ်း
ခင့်ပါးကို မနမ်းရသတဲ့
အပ်နဲ့ချည် ချုပ်ပါလို့
မောင့်စိတ်တွေ ထိမ်းမရအောင်
(အိုအချစ်ရယ် )
လုပ်ရက်လေ တအား ။
                          မျက်ရည်
*********************************************
*  မယ်မယ့် မျက်ရည်   *

ကလေးအတွေးသေးသေးမှာဆို
မေမေကို လုပ်ကျွေးမယ်
သားငယ် တီတီတာ
စကားမပီကလာ ပီကလာနဲ့
တဖြည်းဖြည်းကြီးတော့ လူစွာ။

အတောင်စုံ အစွယ်ပေါက်
အရွယ်ရောက်ပါတဲ့
လမ်းလျှောက်မဲ့ ငှက်ငယ်မှာ
ငယ်ငယ်က တီတီတာ
စကားတွေဘယ်မှာလဲ

ကြင်ယာပါဆွေတသင်းနဲ့
ဇနီးမိုက်အမြင်မှာ
ရှက်စရာဖြစ်သည်မို့
လူအလိမ္မာ မေတ္တာပျက်ပြီကွဲ့

ဆံပင်ဖြူ  သွားတွေကျိုး
ပါးရေတွန့်လာ လက်မောင်းမှာ
လျော့ကာတွဲတဲ့
ခါးကိုင်းကိုင်း ဇရာပြို မှာ
တောင်ဝှေးကိုအဖော်ပြု ပါတဲ့
လူအိုရုံ
ကုန်းကာလှမ်းရတယ်  မယ်မယ့်မှာလေကျမျက်ရည်ရွဲ ။
                           မျက်ရည်
*********************************************

*   သိစေချင်တယ်    *

လမ်းရှိနေသေးသရွေ့ တို့တတွေ
လျှောက်နေရဦးမှာပါ ဟန်နီ
ခရီးများမဆုံးသေး
သွေးအေးနေပြီတဲ့လား

ဟိုးအဝေးဆုံးကို ဆန်တက်
ပျံ သန်းရာ ငှက်တို့ က
အနားမယူ
ခရီးတူချင်သတဲ့


ဟန်နီရယ်
မင်းသဘောထားဘယ်လိုကွယ်
အတွေးနှယ် ရင်မော
တသက်ရယ်တမိုးအောက်
ရောက်ချင်စိတ်စော ။
                             မျက်ရည်
*********************************************
*    ဧကရီ သို့         *

နာရီသံတွေ မြည်နေပြီ ခင်ရယ်
ဘယ်ရပ်ဌာနီ ဘယ်ဆီမျှော်မှန်း
တမ်းတရပါပေ့
အသက်ရှုသံတွေ မောတယ်

အတွေးထဲမြင်
ကိုယ့်စိတ်ထင်က
ပူပင်စိုးထိတ်
အိပ်မရပါဘူးကွယ်

မျှော်နေသူရင်တွေကွဲ
တိမ်တိုက်တို့ပြို လဲ တော့
ငို ငို ငို မိပေါ့ ရင်ထဲ
မင်းလဲသိစေချင်တယ်

ပြန်ခဲ့ပါ ခိုနားရာအရပ်
နှလုံးသား ဗိဗ္မာန်သို့
ကြို ဆိုဖို့
နန်းတင်ပွဲနဲ့စောင့်နေတယ်
နန်းစံလှည့်ကွယ် ။
                           မျက်ရည်
*********************************************


စွန်ကလေ့း့  သို့



ခြေခြေမျစ်မျစ်
နှစ်နှစ်ကာကာငါလွမ်းပါတယ်
စွန်ကလေးရယ့့်
လေပေါ်မှာပျော်တာမဆန်းပေမယ့်
ငါလိုက်ရှာပါရစေ
ကုန်လွန်တဲ့အလွမ်းညတွေမှာ
မင်းကိုပဲတမ်းတသူပါ
တနယ်တကျေး
ဝေးမြေရပ်ခြားမှာ
ဘဝမြှားပစ်ချိန်
အားမာန်ဟုန်လေသွေး
အနတ္တရဲ့ဘေးမှာ
ငါ့ပခုံးတဖက်
မင်းအတွက်သပ်သပ်
ရှိနေသူစွန်ကလေးရယ်
ကြားနေကျဖုန်းသံလေး
ရုတ်တရက်ပြတ်တောက်လို့
သောကထမ်းခရောင်းလမ်းမှာ
မငိုကြွေးပဲ
မျက်ရည်ကျမိသူပါ
လွမ်းတယ်စွန်ကလေးရယ်
massageအဟောင်းတွေထိုင်ဖတ်ရင်း
ငါ့အလွမ်းတွေနှစ်သိမ့်
ဒီညလည်း
ငါကြိုးစားပြီးအိပ်စက်ရဦးမယ်
ချစ်ရတဲ့စွန်လေးရယ့့် ။







                             သူရဇ္ဇ
*********************************************
*** တ ***

စံပယ်တွေပွင့်နေတဲ့သည်မနက်ခင်းမှာ
သနပ်ခါးနံ့သင်းသင်းကိုတောင်းတမိတယ်...

အလင်းရောင်ကြောက်တဲ့ သူရဲတစ်ကောင်က
ငွေလမင်းကြီးကိုမုန်းသတဲ့.....

ကျကွဲသွားတဲ့စိတ်ကူးကြွေအိုးလေးထဲ
အချစ်ဆိုတဲ့အရာတွေပါသွားခဲ့တယ်......

အထင်သေးရှုံ့ချမနေနဲ့လေ
နံနက်နေရောင်ခြည်သာရှူရှိုက်လိုက်...
အိမ်မက်သစ်ပင်ပါစိုက်လိုက်လေ
အာရုဏ်တိုင်းမှာကြည်နူးမှု့အပြည့်ရလိမ့်မယ်...

စံပယ်လေးတွေလေထဲလွင့်လာပြီ
သြော်...ခက်ရချည်ရဲ့..
သနပ်ခါးနံ့သင်းသင်းကိုတောင်းတနေမိတယ်..။   ။

ကွဲရှတတ်တဲ့နှလုံးသားကို
အက်ကြောင်းပေးသံဇဉ်တစ်ပုဒ်
အော်ဟစ်ရွတ်လိုက်ပါ...

တစ်ခါတစ်ခါမဟုတ်တဲ့
အသက်ရှူသံတွေထဲမှာအလွမ်းတွေထည့်ထား...

တိတ်ဆိတ်တဲ့ညယံရယ်
သောင်စပ်ဖွေးဖွေးရယ်
လမင်းကြီးတစ်စင်းရယ်
ဒီလိုလေးပါ....
ရင်ခုန်သံတွေကို မညာကြေး လို့...။   ။

တချိန်က ကုမုဒြာ
*********************************************
အလင်းနှစ်တွေခိုစီးတဲ့ကျားတစ်ကောင်နိုးလာပြီ
ခံစားချက်တွေထဲမှာသွေးရဲရဲနှလုံးတစ်စုံနဲ့
သေလုမြောပါးခံစားရတဲ့အချစ်
ငှက်ခါးမနားမိစေနဲ့
ကျည်ဖောက်တဲ့အရိုးစတွေထဲ
ထူပူမှု့တွေ လွမ်းဆွေးမှု့တွေကတစ်ပုံတစ်ပင်
ငါ့ရဲ့ကျောရိုးတစ်လျောက်နာကျင်နေတယ်
ကျားကြီးတစ်ကောင်မှာလည်း
ရိုးတွင်းချဉ်ဆီကထွက်တဲ့မျက်ရည်တွေအများသား
တစ်နေ့ကြရင်လကမ္ဘာထဲဟန်းနီးမွန်းထွက်မတဲ့
ပျက်ပြယ်ခဲ့တယ်..ပျက်ပြယ်သွားတယ်
အလင်းနှစ်တွေကိုတရစ်ရစ်နဲ့ဖဲ့စားနိုးတဲ့ကျားနာတစ်ကောင်...။   ။

တချိန်က ကုမုဒြာ
*********************************************


ကျွန်တော်တို့ရဲ့ကဗျာဂျာနယ်အစီအစဉ်လေးကတော့ ဒီလောက်ပါပဲဗျ ။ ကဗျာဂျာနယ်အတွဲ ၂ အမှတ် ၄ မှာပါဝင်ရေးသားသူအားလုံးကိုအထူးကျေးဇူးတင်ပါတယ်။

စာဖတ်ပရိသတ်ကြီးမှကဗျာများကို ပေးပို့လိုပါက Viberဖုန်းနံပါတ် 09256480246 (ယာယီ)သို့ ဆက်သွယ်ပေးပို့ပါဝင်နိုင်ပါတယ်ခင်ဗျာ။

အောင်မြင့်မြတ်(Myanmar Youths)


No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ