Wednesday 24 February 2016

ကျွန်တော့်လွယ်အိတ်ထဲမှာလာငြိနေတဲ့နှင်းဆီ(ဇာတ်သိမ်း)

အဲဒီ အကြောင်းတွေ ဝေယံတို့ကို ပြောပြတာ့ 
“မိဝေ သိပ်ရက်စက်တာပဲ” တဲ့လေ။

“ငါတော့လေ  မိဝေကို အဲလူကြီးနဲ့ သဘောမတူနိုင်ပါဘူးနော်။ 
ဟိုက သူဌေးစာဂျပိုးရုပ်။ တို့ မင်းသမီးလေးကို ဂရုစိုက်နိုင်မယ့်
ပုံမပေါ်ဘူး။ မဖြစ်ဘူး။မဖြစ်ဘူး။ ငါပါလိုက်သွားပြီး တားရမယ်။”

“တော်ပါ မိုခမ်းရယ် နင့်မင်းသမီးလေးက သူ့မင်းသားကို သူ ရွေး
ထားပြီးသား။ နင် သွားပြောနေလည်း အပိုပဲ။ ငါ့တော့ တပ်မှူး
လေးငထိန်ကိုပဲ သနားလှတယ်’

“အေးဟဲ့ ဖြိုးသူ၊ ငါက မိဝေဟာ တစ်ချိန်ချိန်ကျရင် ငထိန့်ဘူတာမှာပဲ 
ဆိုက်မယ်လို့ တွက်ထားတာ။ ခုတော့ဟယ် ကြားဘူတာမှာ 
ဝင်အောင်းနေတယ်လို့။ နင်ကိုက လိုတာပဲ ငထိန်ရယ်။ နင်က 
ဘာလို့ ဖွင့်မပြောရတာတုံး။ ကိုယ့်ခါးပိုက်ထောင်ထဲက ငုံးကို 
သူများပေးလိုက်ရတယ်လို့”

‘ငါလည်း ဖွင့်ပြောဖို့ အကြိမ်ကြိမ်ကြိုးစားပါတယ် မိုခမ်းရယ်။ 
ဒါပေမဲ့ သူရဲ့ အဖြူရောင်တံတိုင်းကြီးကို ငါမကျော်နိုင်ခဲ့ဘူး။ ငါက 
သူ့ကို ချစ်ပါတယ်လို့ ပြောလိုက်လို့ ငါ့ကို သူ မခေါ်တော့ရင် 
ဘယ်လိုလုပ်မလဲ။ အဲဒါဆို ခုလိုအောင် သူ့အနားမှာနေခွင့်ရမှာ 
မဟုတ်တော့ဘူး။’

“မိဝေက နင့်ကို သဘောကျပုံရပါတယ်။ နင်သာ ဖွင့်ပြောဖြစ်ခဲ့ရင် 
အဆင်ပြေနေလောက်ပြီ။ ဖွင့်ပြောလိုက်ပါတော့ဟာ”

“လုံးဝ နောက်ကျသွားပါပြီ မိုခမ်းရယ်။ သူ ငါ့ကို သဘောကျလား 
မကျလားဆိုတာ နင်တို့လည်း သိနေမြင်နေတာပဲ။ ပြီတော့ ခုအချိန်မှ 
ငါပြောလိုက်ရင် ငါ့ကို ဘယ်လိုထင်မလဲ။ သူ့အမုန်းတွေကိုလည်း 
ငါလက်မခံနိုင်ဘူး။ ခုလိုပဲ သူလိုအပ်သမျှ ဖြည့်ဆည်းပေးရုံနဲ့ 
ငါကျေနပ်နိုင်ပါတယ်ကွာ”

“ဟေ့ ဟေ့ တော်ကြတော့။ ဟိုမှာ မိဝေနဲ့ ယုနွယ်တို့ လာနေကြပြီ။ 
ကြားသွားရင် အားနာစရာကြီး”

ဖြိုးသူပြောလို့ ကျွန်တော် လှည့်အကြည့် ကျွန်တော်မျက်ဝန်းက 
ကျသွားတဲ့မျက်ရည်တစ်စက်ကို သူ မတွေ့အောင် ကွယ်ဝှက်ရင်း။

ကမ်းနားလမ်း Heartဆိုင်က ပြန်လာတဲ့တစ်လမ်းလုံး ကျွန်တော်ရင်တွေ 
တုန်ယင်လှိုက်မောနေခဲ့တယ်။ ဖြစ်ပျက်ခဲ့တဲ့ တချို့အကြောင်းအရာ
တွေကို ကျွန်တော် နားလည်သလိုလိုနဲ့ နားမလည်ပြန်ဘူး။ 
နားမလည်ရ လောက်အောင်လည်း ရှုပ်ထွေးပွေလီတဲ့စကား တစ်ခွန်းမှ 
မပါဘူးလေ။ ကျွန်တော် မှတ်မိနေတယ်။ ပြီးတော့ ဘယ်တော့မှလဲ 
မေ့တော့မှာမဟုတ်ဘူး။ အရင်ထက် ပိုတည်ငြိမ်နေတဲ့ ဝေ့ရဲ့ အသံ
လွင်လွင်ကလေး။ လပြည့်ညမှာ ချက်ချင်းငပုပ်ဖမ်းလိုက်သလို  
မှောင်မိုက်ကျသွားတဲ့ ကိုပြည့်စုံရဲ့ မျက်နှာ။ ပြီးတော့ ရင်ထဲကနေ 
ငယ်ထိပ်ထိအောင် ဒိန်းခနဲ တက်ဆောင့်သွားတဲ့ ကျွန်တော့် 
နှလုံးခုန်သံတွေ။

“မနေ့ညက ညီမလေး တစ်ညလုံးစဉ်းစားခဲ့တယ် ကိုပြည့်စုံ။ အစ်ကိုနဲ့ 
ပတ်သတ်ပြီး ညီမလေးအနေနဲ့ အစ်ကို့ကို ရင်ခုန်စိတ်လှုပ်ရှားမိတာ
တော့ အမှန်ပါပဲ အစ်ကို။ ဒါပေမဲ့ အစ်ကိုကို ချစ်တယ်လို့တော့ ညီမလေး 
မခံစားရဘူး။ ပြောရမှာတော့ အားနာပါတယ် အစ်ကို။ အစ်ကို ပေးမယ့်
အဖြေက ရိုးရိုးလေးပြောရရင်တော့ နိုးပါ အစ်ကို။ ညီမလေးကို ခွင့်ပြုပါဦး။ 
သွားရအောင် ငထိန်၊ ငါကို အဆောင်ပြန်ပို့ပေးပါ”

အပြန်လမ်းမှာ တစ်ယောက်နဲ့တစ်ယောက် စကားတစ်ခွန်းမှ 
မပြောဖြစ်ကြဘူး။ ကိုယ့်အတွေးနဲ့ ကိုယ်ငြိမ်သက်နေကြတယ်။ 
ကျွန်တော် ရင်ခုန်သံတွေက တော့ တဒိန်းဒိန်းမြည်နေတာ။ 
ဒါပေမဲ့ သူ့ကိုတော့ ဘာမှ မပြောရဲဘူး။
မကွေးတံတားကြီးအောက် မရောက်ခင် ကမ်းနားပျိုးဥယျာဉ်လေး 
တစ်ခုရောက်တော့ ဆိုင်ကယ်ကို ခဏရပ်ခိုင်းတယ်။ သူ အဲဒီပျိုးဥယျာဉ်ထဲဝင် 
သွားပြီး ပြန်ထွက်လာတော့ လက်ထဲမှာ အိုးသေးလေးထဲ ထည့်စိုက်ထားတဲ့ 
နှင်းဆီပင်လေး တစ်ပင် ပြန်ပါလာတယ်။

“ရော့၊ ငထိန် နင့်အတွက် ငါလက်ဆောင်ပေးတာ”

ကျွန်တော် အူကြောင်ကြောင်နဲ့ ငေးကြည့်ရင်း လှမ်းယူလိုက်တယ်။

“အင်း ကျေးဇူးပဲဟ။ ဒါပေမဲ့ ငါမှ ပန်းပင် မစိုက်တတ်တာ။ ပြီးတော့ 
ငါက အဆောင်မှာနေတဲ့ဟာကို ဘယ်နေ၇ာမှာ ငါသွားစိုက်ရမှာလဲ”

“ပန်းတစ်ပွင့်ဟာ သူပွင့်ရမယ့် ဥယျာဉ်ကို ကိုယ်ပိုင်ရွေးချယ်ခွင့်မှ 
မ၇ှိတာ ငထိန်ရယ်။ ဥယျာဉ်မှူးက သူပွင့်စေချင်တဲ့ ဥယျာဉ်မှာ
ကိုယ်တိုင်ရွေးချယ်စိုက်ပျိုးပြီး ရေလောင်းပေါင်းသင်ပေးရမှာမဟုတ်လား။ 
ဥယျာဉ်မှူးက ပြုစုစိုက်ပျိုးခဲ့တဲ့ ပန်းဆိုရင်တော့ နေရောင်ခြည်လာတာနဲ့ 
ပွင့်လန်းလို့ အသင့်ဖြစ်နေမှာ။ ပြီးတော့လေ ငထိန် ပန်းတစ်ပွင့်ဟာ 
ဥယျာဉ်နှစ်ခုမှာတပြိုင်းတည်း မပွင့်ဘူးဆိုတာလည်း နင်မှတ်ထားဦး၊ 
သိလား။ ကဲ မောင်းတော့ ငါ့အဆောင်ကို”

ကျွန်တော့် ဘာသာစကားတွေ ပျောက်ဆုံးသွားတာလား။ ကျွန်တော်
အသံတွေ ပျက်သုဉ်းသွားတာလား တော့ မသိနိုင်ဘူး။ ကျွန်တော့်
ရင်ခုန်သံတွေကပဲ ကျွန်တော့်ကို စကားတွေ ပြန်ပြောနေလိုက်ကြတာ။ 
သောသောကိုညံလို့။ အပြစ်တင်သံတွေ ၊ ဆဲဆိုကြိမ်းဝါးသံတွေ။ 
အားမလို အားမရသံတွေ။ ပြီးတော့မှ သူ့အပြစ်ကိုသူသိပြီး ပြန်လည်
ငြိမ်သက် သွားကြလေရဲ့။

“မနက်ဖြန် မနက်စောစော ငါ့ကို လာခေါ်ပေးနော်။မနက်ဖြန် 
ငါ့မွေးနေ့။ အဲဒါ မြသလွန်ဘုရားသွားရအောင်လို့”

“အဲ…. ဟိုကောင်တွေ…”

“ခေါ်မနေနဲ့တော့။ တို့ နှစ်ယောက်ဘဲ သွားမယ်။ ပြန်လာမှ 
သူတို့ကို ဝင်ခေါ်ပြီး food garden သွားကြတာပေါ့။”

အဲဒီညက ကိုယ်အိပ်မပျော်ဘူးဝေ။ ပန်းပင်တစ်ပင်ကို ကိုယ်တစ်ညလုံး 
ကြိုးစားစိုက်ပျိုးနေရလို့ ပေါ့

ခဏနေရင် မနက်မိုးသောက်တော့မှာပါ။ ပြုံးပါတော့ ဝေ။ 
ပန်းကလေးတစ်ပွင့်လို လန်းလန်းဆန်းဆန်း ပြုံးလိုက်ပါတော့။

ကိုယ့်အပြစ်တော့ မဖြစ်ပါရစေနဲ့တော့ ဝေ…..။

ပြီးပါပြီ ...

ကောင်းမြတ်(ရတီ)



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ