သူငယ်ချင်းပါပဲ ဝေ။ တကယ့် သူငယ်ချင်းပါပဲ။ သူငယ်ချင်းဆိုတဲ့
ဖြူစင်မှုဟာ အတိုင်းအဆမဲ့တယ် မဟုတ်လား။ ဆွတ်ဆွတ်ဖြူနေတဲ့
သိုးတွေချည်းရှိတဲ့ သိုးအုပ်တစ်အုပ်မှာ သိုးကြောင်ကြောင်ကျားကျား
တစ်ကောင်ဟာ အရုပ်ဆိုးလို့များ နေမလား။ တကယ်တော့
ကိုယ်ဟာ သိုးမည်းတစ်ကောင်ပါ ဝေ။ သိုးဖြူတွေကြားမှာမှ
တိုးဝင်ကိုယ်ရောင်ဖျောက်ဖို့ ကြိုးစားနေခဲ့တဲ့ သိုးမည်းတစ်ကောင်ပါ။
“လူတွေကြားမှာ အဲလိုမနေနဲ့ ငထိန်။ အဲလိုနေတာ ငါမကြိုက်ဘူး”
“နင် အသည်းအမြစ်ကြိုက်မှန်း သိလို့ ထည့်ပေးတာပါ မိဝေရယ်။
အဖြစ်သည်းနေလိုက်တာ”
“အေး…ငါက မိန်းကလေးဟ။ နင် အဲလောက်တော့ နားလည်ဖို့
ကောင်းတယ်”
“အဟမ်း အဟမ်း …မိဝေ ပြောမနေပါနဲ့တော့ဟာ။ ငထိန်….
နင်ဟင်းထည့်ထားတဲ့ ဇွန်းရဲ့ ဒါရိုက်ရှင်ကို ငါ့ဘက်လှည့်လိုက်တော့။
ငါ့လည်း အသည်းအမြစ် ကြိုက်ပါတယ် ငထိန်ရဲ့။ ဟဲဟဲ”
ယုနွယ်ပန်းကန်းထဲကို ထည့်ပေးလိုက်ရတဲ့ အသည်းအမြစ်တစ်စုံကို
ကျွန်တော် အရမ်းကို နှမြောနေခဲ့မိတယ်။ ကျွန်တော့်အသည်းနှလုံး
တွေများ ဖြုတ်ပြီး ထည့်ပေးလိုက်ရသလားလို့။
တကယ်တော့ ကိုယ့်ရဲ့ အသည်းနှလုံးအစစ်တွေကို ဝေ့လက်ထဲ
ကိုယ်တိုင်ထည့်ပေးဖို အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပြီးသား မဟုတ်လား။
ကြိုးစားခဲ့တဲ့အကြိမ်တိုင်း ဝေခံစစ်ကို မကျော်နိုင်လို့ တပ်ခေါက်ပြန်ခဲ့
ရတာချည်းပဲလေ။ ဝေမှတ်မိရဲ့မဟုတ်လား၊ ကမ်းနားလမ်း ကည
တစ်ညကိုပေါ့။ မကွေးမြသလွန်ဘုရားပွဲ ညတစ်ည၊ တို့ ဘုရားဖူးပြီး
ပွဲဈေးတန်းလျှောက်တဲ့ည၊ တို့ရဟတ်စီးရင်း ဝေ တအားကြောက်ပြီး
ကိုယ့်ပခုံးကို အတင်းကြီး ဆုပ်ကိုင်ထားခဲ့တဲ့ ည ၊ ကရေကရာတွေ
ဝယ်စားပြီး ဆန့်မှုန့်နဲ့ တစ်ယောက်မျက်နှာ တစ်ယောက်
လိုက်သုတ်ခဲ့ကြတဲ့ ည၊ ကိုယ့်လည်ပင်းမှာ ဆွဲဖို့ ဆိုပြီး စစ်
ပြောက်ကြားဒီဇိုင်းနဲ့ သံဆွဲပြားလေး ဝေ ဝယ်ပေးတဲ့ည၊
ဘုရားပွဲကအပြန် အဆောင်မပြန်ချင်သေးဘူးဆိုပြီး ကမ်းနားလမ်းမှာ
ဆိုင်ကယ်လျှောက်စီးကြတဲ့ ညပေါ့ ဝေ။
“မိဝေ ချမ်းနေပြီးလာဟင်”
“တို့ မချမ်းပါဘူး ငထိန်ရယ်။ ပျော်လွန်းလို့ ချမ်းရမှန်းတောင် မသိဘူး”
“ဝေယံတို့ လေးယောက်တို့နဲ့ မလိုက် ဘဲ ဘာလို့ ပြန်သွားကြလဲ သိလား”
“သိဘူးဟာ ။ မိုခမ်းက နေမကောင်းလို့ဆို”
“ဟုတ်ဘူးဟ။ ငါ ပြန်ခိုင်းလိုက်တာ”
“ဘာဖြစ်လို့လဲ”
“ငါနဲ့ နင် နှစ်ယောက်တည်း အတူနေချင်လို့”
“အဲဒီတော့”
“ဟိုဟာ…. ငါပြောချင်တာကကွာ၊ အခု အတူနေရပြီလေ။
နင်မပျော်ဘူးလား။ ငါ့တော့ သိပ်ပျော်တာပဲ”
“ပျော်တာပေါ့။ ငါလေ နင့်ကို အရမ်းခင်တယ် သိလား။အရမ်း
အားကိုးသလို အရမ်းလည်း လေးစားတယ်။ နင်ကလေ
သိပ်စိတ်ကောင်းရှိတာပဲ။ သတ္တိလည်း ရှိတယ်။ ကတိလည်း တည်တယ်”
အဲဒီညက လမင်းကြီးက လည်း ကျွန်တော်ကို ကောင်းချီးပေးတယ်။
အစက တိမ်တွေ အပြည့်ဖုံးနေတဲ့ ကောင်းကင်ကြီးမှာ လပြည့်ညရဲ့
လမင်းကြီး ပြန်ထွက်လာပြီး ထိန်ထိန်လင်းအောင် သာနေတော့တယ်။
တစ်ယောက်က အရှုံးပေးလိုက်ရင်အခြားတစ်ယောက်ဟာ တကယ်ပဲ
အနိုင်ရသွားမှာလား ဆိုတာ ကျွန်တော် ရေရေရာရာသိချင်မိတယ်။
အရှုံးပေးမယ့်သူကရေ တကယ်ရက်ရက်ရောရော အရှုံးပေးချင်တာ
ဟုတ်ရဲ့လား။အနိုင်ရကောင်းရသွားနိုင်တဲ့ တစ်ယောက်ကရော
အရှုံးပေးမယ့် သူကို တကယ်အရှုံးပေးစေချင်တာ ဟုတ်ရဲ့လား။
အနိုင်ပေးခံရသူကလည်း အရှုံးပေးချင်တာ မဖြစ်နိင်ဘူးလား။
ဒါမှမဟုတ် ဘယ်သူကမှ အရှုံးပေးဖို့ မလိုအပ်ဘူးလား။
နှစ်ယောက်စလုံး နိုင်မှာလား။နှစ်ယောက်စလုံးရော ရှုံးနိုင်သလား။
သေချာတာကတော့ ဒါဟာ ကျွန်တော်အတွက်ပြိုင်ပွဲတစ်ခုမှ
မဟုတ်ခဲ့ဘဲ။ ဒါပေမဲ့ ကမ်းနားလမ်းက café castle ဟာ
ကျွန်တော့်အတွက် လက်ဝှေ့ကြိုးသိုင်း တစ်ခု ဖြစ်ခဲ့ဖူးတယ်။
ဆက်လက်ဖော်ပြပါမည် ...
ကောင်းမြတ်(ရတီ)
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ