Monday 29 February 2016

ဟောင်းနွမ်းသွားခဲ့ရသော အတိတ်ချို (အပိုင်း - ၃)

နောက်နေ့ကစပြီး လင်း ကို သူ့အိမ်မှာ မတွေ့ရတော့ပါ။

လူကို မမြင်ရပေမယ့် လင်း ရဲ့ သတင်းဆိုးတွေကို ကြားနေခဲ့ရတယ်။

အရက်ဆိုင်မှာတွေ့ခဲ့တယ်ဆိုတာကတစ်မျိုး

ဆေးသမားလေးတွေနဲ့ ပေါင်းနေတယ်ဆိုတာ တစ်ဖုံ။

တက်လက်စ သင်တန်းတွေကိုလည်း တစ်ခုမှ မသွား။

ဘာလိုလိုနဲ့ ကျောင်းလျှောက်ရမယ့်အချိန်ရောက်လာတဲ့အချိန် လင်း 

က အချိုးမပြောင်း၊

ကျောင်းတက်ဖို့ ဘာဆိုဘာမှ ပြင်ဆင်ခြင်းမရှိတော့ နွယ် စိတ်ပူလာပါတယ်။

တကယ်တမ်းကျတော့ နွယ်လည်း မနေနိုင်ဘူးလေ။

လင်း ရှိတဲ့ နေရာအထိ လိုက်သွားရတော့တာပေါ့


♥ ♥ ♥ ♥ ♥ ♥ ♥


“လင်း”


“ဟာ မမ မမ လင်း ဆီ ဘာလာလုပ်တာလဲ”


“မလာလို့ရမလား လင်း၊ အခု လင်း ဘာတွေလုပ်နေတယ် 

ဆိုတာ ကိုယ့်ကိုယ်ကို အသိဆုံးပဲ ..အခု တစ်ခါတည်း အိမ်ပြန်လိုက်ခဲ့

ကျောင်းတွေလည်း ဖွင့်တော့မယ်၊ အန်တီခင်လည်း စိတ်ဆင်းရဲနေရ

တယ် လင်း”


“မမ ကို လင်း ပြောထားသားပဲ..မမ ချစ်သူဖြစ်ခွင့်ရမှ လင်း 

ကျောင်းတက်ပါမယ်ဆိုတာ..မမ မှ လင်းကို မချစ်တာ

လင်း ပြန်မလိုက်ဘူး မမ

မမ မှ မချစ်တာ ပစ်ထားလိုက်ပါ မမ ရယ်”


စက်ဆီတွေ ပေနေတဲ့ လင်း မျက်နှာနုနုလေးကို ကြည့်ရင်း နွယ့်စိတ်

တွေ ထိန်းရခက်လာမိတယ်။ ရယ်လိုက်တိုင်း ပေါ်လာတတ်တဲ့ သွား

ချွန်ချွန်လေးတွေလည်း ကွမ်းသွေးကြောင့် အရင်လို ဖွေးဖွေးမလက်

တော့။ ပိန်သွားလိုက်တာ လင်းရယ်။

ထမင်းမှ အချိန်မှန်မှန် စားဖြစ်ရဲ့လား။ အိပ်ချိန်တန်တဲ့အချိန်မှာရော 

အိပ်ရဲ့လားကွယ်။


"ပြန်ပါ မမ ။ မမ ချစ်သူမဖြစ်ရဘဲနဲ့ လင်း ကျောင်းဆက်မတက်နိုင်ဘူး

လို့ ဆုံးဖြတ်ထားတာမို့ လင်းဘ၀နဲ့ လင်း ရှိပါစေ၊ "


မမ ဘယ်လို အင်အားနဲ့ ငြင်းရမလဲကွယ်။ ငယ်သေးတဲ့ လင်းရဲ့ 

အချစ်ကို မယုံရဲပေမယ့် မမ ဆက်ပြီး မငြင်းရက်တော့ပါဘူး


“ကဲပါ .. လင်းရယ်။ လင်းကို မမ ချစ်ပါတယ်။ အိမ်ပြန်လိုက်ခဲ့တော့နော်

မမ တို့ ကျောင်းအတူတက်ကြမယ်”


“ဟာ ..  မမ

တကယ်ပြောတာလားဝမ်းသာလိုက်တာဗျာ"


"မမ ရာ ချစ်နေရဲ့သားနဲ့များ လင်းကို နှိပ်စက်တယ်ဗျာ”


လင်း သိပ်ပျော်နေတာကိုကြည့်ပြီး နွယ့် ပူပန်စိတ်တွေလျော့ကျပြီး 

လိုက်ပျော်လာမိတယ်။

မမ ဆုံးဖြတ်ချက်တွေမှားခဲ့ရင်တောင် လင်း အခုပျော်နေတာ

လေးတစ်ခုတည်းနဲ့ နောင်တမရမိအောင် ကြိုးစားတော့မယ်

မမ ထိန်းသိမ်းလာခဲ့သမျှမာန နဲ့ သိက္ခာကို လင်း ရဲ့ ရယ်သံ

ချိုချိုလေးနဲ့ လဲလိုက်ပါတော့မယ်


♥ ♥ ♥ ♥ ♥ ♥ ♥


လင်း နဲ့ နွယ် ချစ်သူတွေဖြစ်ကြပေမယ့်လည်း ထူးထူးခြားခြား

ပြောင်းလဲသွားတာမျိုး မရှိပါဘူး။

သူ့ကိုယ်သူ လင်း ဆိုတဲ့ နာမည်ကိုထည့်ပြီးပြောတတ်တဲ့ လင်းက 

သူငယ်ချင်းတွေ ၀ိုင်းပြောကြလို့ ကျွန်တော်လို့ ပြောင်းသုံးလာခဲ့ပြီး

ကျောင်းသွားကျောင်းပြန် အတူတူ အမြဲပါနေတတ်တဲ့ လင်းကြောင့် 

နွယ့်နားမှာ ရစ်ဝဲနေတဲ့ ပျားပိတုန်းတွေ အဝေးရောက်သွားကြတာ

က လွဲရင် နွယ့် တို့နှစ်ယောက်က အရင်ပုံစံအတိုင်းပါပဲ။

ပထမနှစ်ကျောင်းသားလေး လင်း က အတန်းချိန်နည်းနည်းအား

တာနဲ့ နွယ်ရှိတဲ့ B.E တန်းဘက် ရောက်ရောက်လာတတ်သလို 

နွယ်ကလည်း အမြဲ မျှော်နေတတ်ခဲ့တယ်။

နွယ်ယူတဲ့ မေဂျာကိုပဲ ယူတာမို့ လင်း နားမလည်တဲ့စာတွေကို 

ရှင်းပြပေးရင်း နွယ်လည်း သီအိုရီတွေ ပိုကျေညက်ခဲ့ရပါတယ် ။

ဘယ်လိုပဲဖြစ်ဖြစ်  လင်းနဲ့ အတူတူ ရှိနေခဲ့ရတဲ့ အဲဒီအချိန်လေး

တွေက နွယ့်ဘ၀ရဲ့ အလှပဆုံးအချိန်တွေပါပဲလေ ~~


 ♥ ♥ ♥ ♥ ♥ ♥ ♥


“နွယ် … နင့် မောင်တော်ကို တက္ကသိုလ်ဘက်မှာ တွေ့တွေ့နေ

တယ်နော်"


"သူ့သူငယ်ချင်းတွေဆီ သွားတာပါ သဉ္ဇာရယ်၊ နွယ့်ကို 

ပြောသွားပါတယ်"


"အာကာ့ဆီသွားတယ်လို့ နင် ထင်နေတာလား နွယ်၊ ငါ တွေ့တာ 

အခြားတစ်ယောက်နဲ့နော်

ငါ ဒီလိုစကားမျိုးတွေ မပြောချင်ဘူး။ ဒါပေမယ့် ပိုဆိုးမလာခင် 

ငါ ပြောထားရတာနွယ်

လင်းလင်း က သင်္ချာက ကောင်မလေးတစ်ယောက်နဲ့ တွဲနေတာ

နင် လွှတ်မထားသင့်ဘူး..ဟိုက ငယ်ငယ်ချောချောလေး”


“အင်းပါ သဉ္ဇာရယ်၊ ငါ နင့်ကို ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် 

ငါ လင်း ကို ယုံတယ်”


“အေး နင် ယုံရင်လည်း ပြီးတာပဲ နွယ်၊ ငါတို့က ဘေးလူပါ၊ 

ဒီထက်ပိုပြီး မပြောတတ်တော့ဘူး”


“အေးပါ သူငယ်ချင်းရယ်”


ဟန်လုပ်ပြီးသာပြောလိုက်ရပေမယ့် ရင်ထဲမှာတော့ တစ်စုံတစ်ရာကို

ခပ်ရေးရေး မြင်နေပါပြီ။

တွတ်တီးတွတ်တာအမြဲလုပ်တတ်တဲ့ လင်းတစ်ယောက် စကားတွေ 

နည်းသွားတာ

ကျောင်းက အပြန် ဆိုင်တစ်ဆိုင်မှာ တစ်ခုခု ၀င်စားဖြစ်တဲ့ ရက်တွေ 

ကျဲသွားခဲ့တာ

အတန်းချိန်ကလွဲရင် တောက်တဲ့လေးလိုတွယ်ကပ်နေတတ်ရာကနေ 

လှစ်ကနဲ လှစ်ကနဲ့ ပျောက်ပျောက်သွားတတ်တာ

စာလာကျက်မယ့်အချိန်တွေကို ပျက်ကွက်နေခဲ့တာ

မျက်ဝန်းထဲမှာ ဝေခွဲရခက်တဲ့ အရိပ်တစ်ခု ရှိနေခဲ့တာ

မသိမသာ ပြောင်းလဲနေတဲ့ လင်း ရဲ့ အပြုအမူတွေကို 

မမ သတိထားမိခဲ့တာ ကြာခဲ့ပါပြီ။


မမ ဘာလုပ်ရမလဲ လင်းရယ်

မမ မင်း ကို သိပ်ချစ်ပါတယ်

ဒါပေမယ့် မမ က မင်းအတွက် နှောင်ကြိုးတော့ မဖြစ်ချင်ဘူး။ 

ဘယ်တော့မှ မဖြစ်စေရပါဘူးကွယ်။


♥ ♥ ♥ ♥ ♥ ♥ ♥


ဇာတ်သိမ်းပိုင်းမျှော်




အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ