Saturday 27 February 2016

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၇၁

  အဆိပ်သစ်ပင်

ရူးသွပ်အောင်စွဲလမ်းစေ
နာကျင်အောင်
ခံစားစေ
အတူတွဲခဲ့တဲ့
ကမ်းလက်တစုံ
ဆက်မမြဲဖို့
ဖန်လာတဲ့အခါ
ငါငိုနေမိတာ
မခွဲနိုင်မဟုတ်
မခွဲရက်တာပါချစ်သူ
ငါ့အချစ်နဲ့
ပျိုးခဲ့တာ
အဆိပ်ပျိုးစေ့ဆိုရင်
သစ္စာတရားထပ်လို့
ရေလောင်းခဲ့တာ
နင်ပါပဲချစ်သူ
အပင်ကြီးရင့်လို့
အသီးအပွင့်တွေ
တို့နှစ်ယောက်ရင်မှာ
အာနိသင်ထက်လို့
ခါးသက်စေတဲ့အခါ
ကိုယ်ဖော်တဲ့ဆေး
ကိုယ်မနိုင်တော့
ဒီလိုနဲ့
အလွမ်းနှိပ်စက်လို့
အနမ်းအိမ်မက်တွေ
ငါ့နံဘေးက
တိတ်တိတ်လေး
ထွက်သွားတာကို
ငါမတားနိုင်ခဲ့
သြော့်
အရူးရင့်စေဖို့
မြင့်မြင့်လာတဲ့
နေရောင်ခြည်ရဲ့
အလင်းအောက်မှာ
နင်ရယ် ငါရယ်
အတူပျိုးခဲ့တဲ့
အဆိပ်သစ်ပင်က
ငါ့ကိုလှောင်နေသလို့။


         သူရဇ္ဇ
=================================
   အနီးဆုံးလူ


နယ်မြေတခုကိုမှတ်
ငါနဲ့ဝေးတဲ့အရပ်ကို
နင်ထွက်သွားလည်း
မရပ်မနား
နောက်ကလိုက်
အချစ်တခုနဲ့
စိတ်မအေးနိုင်သေးတဲ့
နင့်ရဲ့အရပ်ကလေးက
ငါပေါ့ချစ်သူ
ရင့်ကျက်မှု့မရှိတဲ့
နင့်ခြေလှမ်းတွေ
ဆက်လှမ်းဖို့
အင်အားမရှိတဲ့အခါ
နင်အားပြုလို့
မှီလိုက်ပါ
ငါ့မေတ္တာက
နင့်အတွက်
အထောက်အကူ
ဖြစ်စေမှာပါ
တည်ငြိမ်မှု့မရှိတဲ့
မင်းစိတ်တွေ
ဆောက်တည်ရာ
မဲ့တဲ့အခါ
ငါ့ကိုသတိရပါ
အတိကျမဟုတ်တောင်
ငါ့အကြင်နာက
မင်းကို
အေးမြစေလိမ့်မယ်
အဆိုးတွေများလို့
ရင်ဆိုင်ဖို့
ခက်နေပြီလား
ငါ့လက်ဖဝါးကို
ဆွဲထားပါချစ်သူ
ငါ့ဘေးမှာ
မင်းရှိတယ်ဆိုတဲ့
စိတ်တခုထဲနဲ့
အန္တရာယ်တွေကို
လှိုင်းလိုခွပ်ပစ်
မင်းနဲ့သာဆို
ခရီးအဆုံး
အတူလျှောက်မယ့်
အနီးဆုံးလူတယောက်ပါချစ်သူ့။



         သူရဇ္ဇ
=================================
   ဝေ့း


သက္ကရာဇ်တွေဝေး
နာရီသံပေးလို့
ဆွေးမြေ့သွားတဲ့
အချိန်မှတ်တမ်းမှာ
နှုတ်ခမ်းက
တမ်းတသံတွေကို
ပြန်မရတော့အောင်
သိမ်းပိုက်
အစိမ်းလိုက်
ချူပ်ထားတဲ့
ဝေးကွာခြင်
ဒဏ်ရာတွေထဲမှာ
ငါ နေသားမကျသေး
မဆုံနိုင်အောင်ဝေး
သွေးအေးသွားမယ့်
အခိုက်တန့်တွေကို
တမ်းတခြင်းနဲ့ကုစား
အခုများ
အနေမဝေးခင်
မမေ့ဆေးသောက်လို့
နေတခေါက်ဝင်
နေတခါထွက်
ရက်ကြွေပျက်
လတွေချီ
နှစ်တွေအလီလီပြောင်းစေဦးတော့
ငါ မေ့လျော့ဖို့
မစွမ်းသာပါဘူးချစ်သူ့။


        သူရဇ္ဇ
=================================
နွေရိပ်ခိုမယ့်ဆောင်း

ဥသြကမဖွေ
ခွန်းခြွေလို့ပြော
နွေပြောလို့
သစ်ရွက်ကြွေ
နွေရင်ကျိုးလို့
မိုးဖြစ်ပြီးရင်
နွေရိပ်ခိုမယ့်
ဆောင်းဆိုတာ
ရှိလာစမြဲ
တမာန်ဆင့်လို့
အသံဖြင့်လွမ်းစေ
ရော်ရွက်ကြွေ
လေမှာဝဲ
အဖော်ကွဲနေသူ
ပူအောင်ဖန်
နွေဒဏ်သင့်နေတဲ့
ဥသြငှက်လည်း
ထုတ်ပြောခက်တဲ့
ဝေဒနာတွေကို
ကိုင်းဖျားထက်က
တခွန်းဆီသီကြွေး
မရှိသေးတဲ့
ကြင်သူဆိုတာ
နွေကန္တာမှာ
ရှာရခက်
ရင်ငွေ့နဲ့သွန်းတဲ့
မျက်ရည်တစက်
နွေအက္ခရာထက်မှာ
ကဗ္ဗည်းတပ်လို့
ခရီးဆက်စေတဲ့အခါ
ပင်ထနောင်းဆိုတာ
အရင်တပေါင်းက
နွေရဲ့ပြယုဂ်တခုပေါ့
ဥသြငှက်တွေခြေမချ
ကြွေမှသိတဲ့
နွေရွက်တချို့လည်း
မြေပြင်မှာ
နေတက်ဖို့
ကြိုးစားကြတယ်
နွေရိပ်ခိုဖို့
ရောက်လာတဲ့
ငွေနှင်းတွေလည်း
နေအလင်းကိုအန်မတု
ကံတခုရဲ့ဖေးမမှု့နဲ့
လေး လလုံးကို
အေးချမ်းစေခဲ့ပေမယ့်
နွေအလှည့်မှာ
ကြွေခဲ့တဲ့
နှင်းရည်စက်တွေက
ပိတောက်တခက်အတွက်သာဖြစ်ခဲ့တယ့်။


         သူရဇ္ဇ
=================================
''အလွမ်း''

အရိပ်ပမာ

အတိတ်ခြေရာ

နွေတံခါးမှာ

ဝေဒနာအပူ

ဆု အဖြစ်နဲ့

မျှော်လင့်မနက်

ရောင်နီထွက်ရင်

သူပေါ်လာနိုး

ငါမျှော်ပိုး၍

နေ့ရက်တွေလည်း

ညောင်းခဲ့ပြီလေ...


ဗလ
=================================
တွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ