(၁)
အဲဒီနေ့က မိုးတွေ သည်းသည်းမဲမဲရွာနေတယ်။ ကျွန်တော်တို့အဖွဲ့စီးလာ
တဲ့ ဆိုင်ကယ်တွေလည်း အားလုံးရွံ့တွေ ပေကျန်လို့။ ဆိုင်ကယ်ကို
ထိန်းမောင်းရင်း ပြန်လာခဲ့ရတယ်။ ဒီလိုနဲ့ လမ်းတစ်ဝက်မှာ
ဇရပ်တစ်ခုတွေ့တာနဲ့ ဇရပ်ထဲ ၀င်ပြီး မိုးခိုဖြစ်ကြရော။
“မိုးကလည်း စဲမှာ မဟုတ်ဘူးနဲ့တူတယ်ဟ၊ ဘယ်နှယ်လုပ်ကြမလဲ”
“မိုးမစဲတော့ ငါတို့တတွေ ဒီဇရပ်တဲလေးမှာပဲ စခန်းချတာပေါ့ကွာ”
“ဟေး ငါတော့ စခန်းမချနိုင်ဘူးကွ၊ အခုမှ အသစ်စက်စက်
ဇနီးကျပ်ချွတ်လေးကို စိတ်မချဘူး”
မင်္ဂလာဆောင်ထားတာမှ မကြာလှသေးတဲ့ နီပုက ၀င်ပြောတာပါ။
“ အံမာ မင်းကများ ဇနီးအသစ်ကျပ်ချွတ်တွေ ဘာတွေ ပြော ကြွား
မနေနဲ့ ဟေ့ကောင်။ မင်းတစ်ယောက်တည်း အိမ်ထောင်သည်
မဟုတ်ဘူး။ ငါတို့တတွေလည်း အိမ်ထောင်သည်တွေပါကွ။
ညားခါစ မဟုတ်တာ တစ်ခုတည်း။ အဲ...ကိုကြီးမြင့်ဇော်ကတော့
ချွင်းချက်ပေါ့ကွာ။ သူက လူပျိုကြီးဆိုတော့...”
(၂)
ဟုတ်တယ်။ ကျွန်တော်တို့ အခု အခြားရွာက မင်္ဂလာဆောင်က
ပြန်လာကြတာ။ သတို့သမီးရော သတို့သားရော ပညာတွေ ငွေတွေ
ဘာတွေ ညာတွေ အစုံအပြည့်။ နေနဲ့လ ရွှေနဲ့မြ ပေါ့ဗျာ။ သူတို့
မင်္ဂလာဆောင် ဖိတ်စာမှာလည်း သူတို့နာမည်တွေနောက်မှာ
ကွင်းစကွင်းပိတ်တွေနဲ့ ဘာတွေလည်းတော့ မသိဘူး။ အံမယ် ခေတ္တ
ဘာပူဆိုလားပါလိုက်သေးတယ်။ ကျွန်တော်တို့က သူတို့ မိဘတွေနဲ့
ခင်လို့ ဖိတ်ခံရတာပေါ့။ သူတို့က နိုင်ငံခြားသွားနေတော့
ကျွန်တော်တို့နဲ့က စိမ်းတယ်လေ။ သူတို့နာမည်နဲ့ သူတို့ရုပ်ရေလေး
သိတယ်ဆိုရုံလေး သိတာပေါ့။ ဒါတောင် သူတို့ မိဘတွေက
ကြွားလွန်းလို့ သိတာ။ ဧည့်ခံကျွေးမွေးရေးကလည်း ကောင်းမှ
ကောင်းပဲဗျ။ ၀က်သားဆီပြန်နဲ့ ရွာလုံးကျွတ်ကျွေးတယ်။ ပြီးတော့
ရပ်ဝေးဧည့်သည်တွေဆိုလည်း တခုတ်တရ ဟင်းတွေနဲ့လေ။
တကယ်တော့ သူတို့က နိုင်ခံခြားမှာ မင်္ဂလာဆောင်ပီးသား ဆိုလား။
အခုဟာက ရွာမှာ ပြန်လာဆောင်ဖြစ်တယ်ဆိုတာက မိဘတွေ ဆန္ဒနဲ့ပေါ့။
မိဘတွေက တောသူဌေးတွေဆိုတော့ သူတို့သားသမီးတွေကို တကယ့်
နိုင်ငံခြားဆိုတာကြီးထိ ပို့ပေး ပညာသင်ခိုင်း၊ အလုပ်လုပ်ခိုင်းတာ။
ကျွန်တော်တို့လို တစ်နေ့လုပ်မှ တစ်နေ့စားရမယ့် သူတွေအဖို့ အခု
ကျွန်တော်တို့ စီးနေတဲ့ လိုင်စင်မဲ့ဆိုင်ကယ်ဆီဖိုးလေးတောင်
မနည်းရှာနေရတာ။ အေးလေ ရှေးကုသိုလ်ကိုး။ သူများတွေ
ချမ်းသာတာကြည့်ပြီး မုဒိတာ ပွားနေရုံပေါ့ဗျာ။
(၃)
“ဟေး မိုးကလည်း တိတ်ကို မတိတ်နိုင်ဘူးကွာ။ မင်္ဂလာဆောင်က
မီးခိုးတိတ်ကျွေးတာကိုများ အားကျပြီး မိုးမတိတ်ရွာချနေတာ ထင်ပါရဲ့ကွာ။”
“ ဟုတ်တယ်ကွ။ မင်္ဂလာဆောင်ကတော့ ငါတို့နယ်မှာတော့ အကြီး
ကျယ်ဆုံးမင်္ဂလာဆောင် ဖြစ်တယ်ထင်ပါရဲ့။ ငါ့တုန်းကတော့
မင်္ဂလာပရိတ်ရွတ်တာတောင် အုန်းပွဲငှက်ပျော်ပွဲကို ဘကြီးဘုန်းကြီး
စွန့်ထားတာလေးနဲ့ ပြန်ကန်တော့လိုက်ရတယ်။ ဘ၀တွေများ ကွာပါ့။”
“ဒါနဲ့ ကိုကြီး မြင့်ဇော် ကျွန်တော်တို့ အခုအဖွဲ့ထားမှာ ကိုကြီး
တစ်ယောက်ထဲ လူပျိုကြီးဖြစ်နေတာနော်။ ဘယ်လိုလဲ မိန်းမ
မယူတော့ဘူးလား။ သူများတွေ မင်္ဂလာဆောင်တာ အားမကျဘူးလားဗျ။
ကိုကြီးမြင့်ဇော် မင်္ဂလာဆောင်ရင် ကျွန်တော်တို့ ကူပါ့မယ်ဗျ။ အားမငယ်ပါနဲ့”
“ဟုတ်တယ် ကိုကြီးမြင့်ဇော်၊ ဘာကြောင့်မိန်းမမယူသေးတာလဲ၊
ပြောစမ်းပါဦးဗျာ။ပွင့်ပွင့်လင်းလင်း ရွာသွားချင်းပဲလေ။”
ကျွန်တော်တို့ တစ်ယောက်တစ်ပေါက်နဲ့ ကိုကြီးမြင့်ဇော်ကို ၀ိုင်းစနေကြတာ။
ကိုကြီးမြင့်ဇော်ခမျာတော့ မျက်နှာကြီးထူးအမ်းနီမြန်လာပြီး မင်္ဂလာ
ဆောင်က ဧည့်ခံလိုက်တဲ့ Red Ruby ဆေးလိပ်လေးကို တစ်ချက်
မီးညှိလိုက်တယ်။ ပြီးတော့ မိန်းမမယူဖြစ်တဲ့အကြောင်း လေး
လေးနဲ့ တွေးတွေးပြီး ပြောချလိုက်တဲ့ စကားလုံးတွေကြောင့်
ကျွန်တော်တို့တစ်ဖွဲ့လုံး မိုးနဲ့ အတူ ရော မငိုလိုက်ရုံတမယ်ပဲဗျာ။
ဘာတဲ့။ သူက....
“မင်းတို့နှယ်ကွာ။ အခု မင်္ဂလာဆောင်ပဲကြည့်လေကွာ။ သတို့သား
သတို့သမီးတွေရဲ့ နာမည်နောက်မှာ ကွင်းစကွင်းပိတ်ဘွဲ့တွေ၊
အလုပ်တွေ၊ ခေတ္တ..ဘာ...ပူတွေနဲ့ဆိုတော့ သတို့သားဘက်ရော
သတို့သမီးဘက်ကရော နေနဲ့လ ရွှေနဲ့မြလို ပွဲလယ်တင့်လို့။ ကောင်မလေး
ကဆို ပြောတာ မကြားဘူးလား။ ကျွန်မအမျိုးသား ကိုကလေ
ဘယ်လိုတော်တာ၊ ဟိုမှာ ဘာလုပ်ရတာနဲ့ ရွှန်းရွှန်းကို ဝေလို့
ပြောနေလိုက်တာ။ ပြီးတော့ သူ့မိဘတွေဆိုလည်းကြည့်။
ကျွန်မသမက်ကလေးက ဘယ်လိုနဲ့။ ”
“ အား အဲဒါ ကိုကြီးမြင့်ဇော်နဲ့ ဘာဆိုင်လို့တုန်းဗျာ။ ခများကတော့
လုပ်ပြီ။ တောင်တွေး မြောက်တွေး တွေးပြီး”
“သိပ်ဆိုင်တာပေါ့ကွာ။ တကယ်လို့ကွာ ငါက မိန်းမယူပြီဆိုပါတော့။
ငါယူလိုက်တဲ့ ကောင်မလေးကကော၊ ငါ့ရဲ့ယောက္ခမတွေကကော
ခုနက မင်္ဂလာမဏ္ဍပ်ထဲမှာ ပြောနေသလို လူတောသူတောထဲမှာ
ပြောနိုင်ကြ မယ်ထင်လား။ ပြောနိုင်ဖို့ နေနေသာသာ ပြောတောင်
ပြောရဲပါ့မလား မသိဘူးကွာ”
“ ဟာ ကိုကြီးမြင့်ဇော်ကလည်း၊ ဘာစကားမို့လဲဗျ”
“ကျွန်မအမျိုးသားကလေ ဘုန်းကြီးလူထွက်၊ ကျွန်မသမက်ကလေ
လူပျံတော်၊ဘုန်ကြီးလူထွက် လူတော်လေးရှင့်လို့.......လေ...ကွာ”။
Credit - twintaung.com
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ