Monday 29 February 2016

ဟောင်းနွမ်းသွားခဲ့ရသော အတိတ်ချို (အပိုင်း - ၂)


အန်တီခင်က နွယ်တို့ ဘေးအိမ်ကိုပြောင်းလာတာ မကြာသေးပေမယ့် 

မေမေ နဲ့ လုပ်ငန်းချင်းဆက်စပ်နေလို့ တော်တော်လေးကို ရင်းနှီး

နေကြတာပါ။


အဖိုးအဖွားတွေနဲ့ နေတဲ့ လင်းတာရာ ဆိုတဲ့ အန်တီခင့် သားလေးက 

စာသိပ်ညံ့လို့ ဒီနှစ်ကစပြီး အန်တီခင်က ပြန်ခေါ်ထားမယ့်အကြောင်း

နည်းပညာတက္ကသိုလ်တက်နေတဲ့ နွယ့်လို ဖြစ်စေချင်ကြောင်း

ဖြစ်နိုင်ရင် သူ့သားကို Guide လုပ်ပေးစေချင်တဲ့အကြောင်း နွယ့်ကို 

အမြဲပြောနေတတ်တော့ ဒီကလေးကို နွယ်က မမြင်ဖူးသေးပေမယ့် 

အတော်လေးကို ရင်းနှီးနေခဲ့တာလေ။


“ဘယ်လိုလဲ လင်း၊ မမ နဲ့ စာလာသင်မှာလား .... 

မမ နဲ့စာသင်ရင်တော့ မမ စကားနားထောင်မှ ရမှာ”


“မမ အလိုလိုက်မယ်ဆိုရင်တော့ မမ စကား နားထောင်မယ်”


ပါးချိုင့်လေးနှစ်ဖက်ပေါ်အောင် ပြုံးရယ်ပြရင်း ဖြေတဲ့ မင်းလေးကို 

အလိုလိုက်မိမယ်ဆိုတာ အဲဒီအချိန်က မသိခဲ့ပါဘူးကွယ်။


♥ ♥ ♥ ♥ ♥ ♥ ♥


တကယ်တမ်း သင်ကြည့်တော့ လင်းက ထင်သလောက်မညံ့လှပါဘူး။

စာကျက်ပျင်းပေမယ့် ဉာဏ်ထက်တော့ သိသိသာသာပဲ အမှတ်တွေက 

တက်လာတယ်။ ကျောင်းဆင်းတာနဲ့ နွယ့်အိမ်ဘက်ရောက်လာ

တတ်တဲ့ လင်း ကို ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ သင်ပေးရသလို 

လင်းကလည်း နွယ့်စကားကို လေးလေးစားစား နားထောင်တတ်တယ်။


♥ ♥ ♥ ♥ ♥ ♥ ♥


စက္ကန့်လေးတွေ မိနစ်ဖြစ် မိနစ်လေးတွေ နာရီဖြစ်အချိန်ယန္တရား

ခုတ်မောင်းနေရင်းနဲ့သံယောဇဉ်တွေလည်း တိုးသထက် တိုးလာခဲ့တယ်။

နွယ့်ရဲ့ ဆုပေး ဒဏ်ပေး စနစ်ထဲမှာ သင်ကြားရင်းဆူပူရင်း ချော့မော့ရင်း

နဲ့ပဲလင်းတစ်ယောက် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေပြီးခဲ့ပါတယ်


 ♥ ♥ ♥ ♥ ♥ ♥ ♥


“မမ ရေ မမ လင်း အောင်တယ်ဗျ .. အင်္ဂလိပ် နဲ့ သင်္ချာ ဂုဏ်ထူးပါတယ်

မမ ဂတိအတိုင်းပဲနော်လင်း လိုချင်တာ ဆုချရမယ်”


ပျော်ရွှင်စွာပြောနေတဲ့ လင်း မျက်နှာနုနုလေးကို ကြည့်ပြီး လင်း 

မမြင်အောင် သက်ပြင်းခိုးရှိုက်မိပါတယ်။ ဒီနှစ်ထဲမှာ လင်း စိတ်တွေ 

ယိုင်နေတယ်ဆိုတာကို အနီးကပ်စာသင်ပေးနေရတဲ့ နွယ် သိနေခဲ့တာ ကြာ

ပြီလေ။

လင်းရယ် မင်းလေးက ငယ်သေးတယ်လေ။ စိတ်မကစားချင်ပါနဲ့ကွယ် …


“ကဲ ပြောပါဦး လင်း ရဲ့ မမ ဘာဆုချရမှာလဲ”


“နေဦး မမ၊ ဖေဖေ နဲ့ မေမေ ကို သွားပြောလိုက်ဦးမယ် မမ ဆီ အရင်လာ

ခဲ့တာမမ အဆင်သင့်ပြင်ထားနောက် ၁၅ မိနစ်နေရင် လင်း လာခေါ်မယ်”


ပြောပြောဆိုဆို ပြေးထွက်သွားတဲ့ လင်းရဲ့ နောက်ကျောပြင်ကို 

ငေးကြည့်ရင်း ဒုတိယအကြိမ် သက်ပြင်းရှိုက်လိုက်မိပါတော့သည်။


♥ ♥ ♥ ♥ ♥ ♥ ♥


“မမ”


“အင်း .. ပြော”


“မမ ဆီက တောင်းမယ့်ဆုကို မမ သိလား”


“ပြောလေ လင်းရဲ့ ... သိပ်ဈေးကြီးတာတွေတော့ မ၀ယ်ခိုင်းဘူးမလား

မမ ပိုက်ဆံ စုထားပါတယ် လင်းရဲ့ လင်း ကို မမ ဆုချရမယ်ဆိုတာ 

သိပြီးသား"


“မမ ဆီက လိုချင်တာ တစ်ခု ……. တည်း”


စကားကို ဆွဲငင်ပြီး ပြောရင်းနဲ့ နွယ့်ကို မ၀ံ့မရဲ တစ်ချက်ကြည့်ပြီး


“မမ ကို လင်း ချစ်တယ် လင်းကို ပြန်ချစ်ပါနော် မမ”


“လင်း လေ မမ နဲ့ ကျောင်းတူတူ တက်ချင်တယ်

မမ နဲ့ စာအတူတူလာကျက်နေတဲ့ ဟိုလူတွေကို လင်း ကြည့်မရဘူး

မမ ကို ကြည့်ကြတဲ့ သူတို့အကြည့်တွေကို လင်း မကြိုက်ဘူး

လင်းရဲ့ သူငယ်ချင်းတွေကိုလည်း မမ က လင်းရဲ့ ချစ်သူပါ ဆိုတာ 

ကြွားချင်တယ်”


တတွတ်တွတ်နဲ့ ပြောနေတဲ့ လင်းရဲ့ စကားတွေကို နားထောင်နေရင်း

မမ လည်း မင်း ကို ချစ်ပါတယ် ကလေးရယ်

ဒါပေမယ့် မမ က ဥယျာဉ်မှူး ပါ လင်း

မမ ပြုစုပျိုးထောင်ပေးတဲ့ ပန်းကလေးက ခုမှ ပွင့်လန်းကာစ ရှိပါသေးတယ် 

လင်းရယ်မမ ပန်ဆင်ရက်ပါ့မလား ..မခူးရက်ပါဘူး လင်း ….


နွယ် ရင်ထဲကပြောမိတဲ့ စကားများပါ . တကယ်တမ်းပြောဖြစ်တာကတော့


“ဘာပြောတယ် လင်း .မမ ကို ဘာစကားတွေ လာပြောနေတာ

လဲ..အခုမှ ဆယ်တန်းလေးအောင်ရုံလောက်နဲ့ ဒီကိစ္စတွေ 

ခေါင်းထဲရောက်နေတာ မမ သိပ်အံ့သြတယ် ..မမ အချိန်တွေပေးပြီး 

လင်း ကို စာသင်ပေးခဲ့တာ ဒီစကားတွေ ပြောတတ်ဖို့လားဟင် ဟုတ်လား

လင်း အောင်စာရင်းထွက်လို့ ပျော်ရွှင်နေတဲ့အချိန်မှာ မမ မဆူချင်ဘူးနော်

ဒီစကားတွေ ပြောတာ ဒီတစ်ခါ နောက်ဆုံးဖြစ်ပါစေ”


“ကဲ အခု ဘာစားမှာလဲ..လင်း စားချင်တာ မမ ကျွေးမယ်

သွားချင်တဲ့နေရာ လိုက်ပို့မယ်ပြီးရင် ဆုချမယ့် ပစ္စည်းသွားဝယ်ကြမယ်”


“ဘာမှ မလိုချင်ဘူး မမ ..လင်း လိုချင်တာမှ မရရင် မမ ဆီက ဘာမှ 

မယူဘူး ..မမ ကို စော်ကားတယ်လို့ ထင်သွားရင်တော့ လင်း

တောင်းပန်တယ်.. ဒါပေမယ့် လင်း တကယ်ပြောနေတာ

ခုလို စာကြိုးစားခဲ့တာလည်း မမ သင်ပေးခဲ့လို့

မမ ပြန်မချစ်ဘူးဆိုရင် လင်း ကျောင်းဆက်မတက်တော့ဘူး

ဘာ ဘွဲ့မှလည်း မယူတော့ဘူး မမ”


“ဘာပြောတယ် လင်း၊ မမ စေတနာတွေက ဘယ်ရောက်သွားပြီလဲ 

လင်း ..သွားတော့ လင်း..မမ ရှေ့ကနေ အမြန်ဆုံးထွက်သွားတော့

ဘယ်တော့မှလည်း မလာခဲ့နဲ့”


ညဘက်ရောက်တော့ နွယ် တော်တော်နဲ့ အိပ်မပျော်နိုင်

လူးလူးလိမ့်လိမ့်နဲ့ အတွေးတွေက တောင်စဉ်ရေမရ

မျှော်လင့်ခြင်းကြီးစွာနဲ့ ကြည့်လာတဲ့ လင်း ရဲ့ မျက်ဝန်း

တောက်တောက်လေးတွေကိုပဲ မြင်ယောင်မိတယ်

ရှိသမျှအားတွေ အကုန်ထုတ်သုံးပြီး ငြင်းခဲ့ရတာပါ ကလေးရယ်


♥ ♥ ♥ ♥ ♥ ♥ ♥


လင်း ရဲ့ ဆိုင်ကယ်သံကို ခုထိ မကြားရသေးဘူး..

မမ ရင်တွေ ပူနေပြီ လင်းရယ်

တကယ်ပဲ မမ ရှေ့ကို မလာတော့ဘူးလား

စိတ်ထင်ရာတွေ လျှောက်မလုပ်ပါနဲ့ လင်းရယ်

မမ လင်းကို သိပ်ချစ်ပါတယ်


♥ ♥ ♥ ♥ ♥ ♥ ♥


ဆက်လက်ဖော်ပြပါမည် ..


Credit - သံစဉ်ဖြူဖြူ





အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ