Saturday 20 February 2016

ကျွန်တော့်လွယ်အိတ်ထဲမှာလာငြိနေတဲ့နှင်းဆီအပိုင်း(၂)


ကျွန်တော် ကံကောင်းတယ်ဗျ။ ကျွန်တော်ပေးတဲ့ မဲနဲ့တိုက်ဆိုင်စွာပဲ 
Miss Hair ရသွားခဲ့တဲ့ ကောင်မလေးနဲ့ ကျွန်တော် နောက်နှစ်ပတ်
အတွင်းမှာပဲ အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြတယ်။ ကျွန်တော်
တို့ အတူတွဲတဲ့ သူငယ်ချင်းခြောက်ယောက် ရှိပေမဲ့ ကျောင်းကားလမ်း
ကြောင်းတူတဲ့ ကျွန်တော်တို့နှစ်ယောက်က ပိုပြီး တွဲဖြစ်ကြတယ်။
အဲဒီနောက်မှာတော့ ကျောင်းကားပေါ်မှာ တရားဝင်နေရာဦးပေးခွင့်နဲ့ 
သူမနိုင်မနင်းသယ်လာတဲ့ စာအုပ်တွေကို တရားဝင်ကိုင်ပေးခွင့် 
ကျွန်တော်ရခဲ့တယ်။ အတန်းထဲမှာ အတူတွဲထိုင်ဖြစ်ကြသလို ပထမနှစ်စာ
သင်ခန်းတွေ အလယ်က တမာလမ်းကလေးမှာ အတူတွဲလျှောက်ဖြစ်ခဲ့
ကြတယ်။ပထမနှစ်ဘက်က ကင်တင်းလေးမှာ အတူတူစားခဲ့ဖူးကြသလို 
မြန်မာစာကျူတိုရီရယ် ဖြေတဲ့ အခန်းရှေ့မှာ လည်း အတူတူစာသွား
ကျက်ခဲ့ကြဖူးတယ်။ ရုက္ခဗေဒ လက်တွေ့ခန်းရှေ့က ခုံပြာကလေးမှာ 
အတူထိုင်ခဲ့ကြဖူးသလို အတန်းအတူလစ်ကြတုန်း အတန်းဝင်မယ့် 
သချာင်္နဲ့ တည့်တည့်တိုးလို့ ထွက်ပြေးခဲ့ကြဖူးတယ်။ သရက်ပင်ကလေး
အောက်မှာ ကျောင်းအပြန်ကားအတူစောင့်ခဲ့ကြဖူးသလို ကျောင်းကား
ပေါ်လုတက်ရင်း ချော်လဲသွားတဲ့ သူ့ကို ကျွန်တော်ဆွဲထူ ခဲ့ရဖူးတယ်။
ကျွန်တော်မှတ်မိသေးတယ်။ ပထမနှစ် ကျွန်တော့်မွေးနေ့မှာပေါ့။ 
ကျွန်တော်တို့ ခြောက်ယောက်ဆိုင်ကယ်သုံးစီးနဲ့ မကွေးမြသလွန်ဘုရား 
အတူသွားဖူးကြတယ်။ ယုနွယ်ရယ် ဝေယံရယ်က တစ်စီး၊ မိုခမ်းရယ် 
ဖြိုးသူရယ်က တစ်စီး၊ ဝေ၇ယ် ကျွန်တော်ရယ် က တစ်စီးပေါ့။ 
ဒုတိယနှစ်အစ်ကိုဆီက ငှားလာတဲ့ဆိုင်ကယ် က ထိုင်းဘီးရွှရွှကလေး
ဆိုတော့ ကျွန်တော် လစ်ခနဲနေအောင် မြန်မြန်ကလေး မောင်းတယ်။ 
ဝေကတော့ ကျွန်တော့်ခါးကို ဖက်လို့။ ပြီးတော့ ကုန်းမို့မို့လေးရှိတဲ့ 
တမာပင်ကလေးအောက်မှာ အတူတူထိုင်ပြီး စကားတွေအများကြီး 
ပြောဖြစ်ကြတယ်။

“ငါတို့သူငယ်ချင်းတွေ တစ်သက်လုံး ဒီလို ပျော်ပျော်ရွှင်ရွှင်နေလို့ 
ရရင် သိပ်ကောင်းမှာပဲနော”

“ဘယ်ဖြစ်နိုင်ပါ့မလဲ ငထိန်ရယ်။ ငါတို့တစ်ယောက်နဲ့ တစ်ယောက် 
ဘယ်လောက်ပဲ ချစ်ကြချစ်ကြ၊ ငါတို့ ကျောင်းပြီးသွားရင် ကိုယ့်
လမ်းကိုယ်လျှောက်ကြရမှာ ဟ”

ချက်ချင်းဆိုသလို ပြန်ပြောလိုက်တဲ့ ယုနွယ်ရဲ့စကားကို ကျွန်တော် 
လက်မခံနိုင်ခဲ့ဘူး။

“အတူတူလျှောက်မယ့်သူတွေလည်း ရှိနိုင်တာပဲ ယုနွယ်ရဲ့”

“ဟေ့ဟေ့ တို့ကြိုပြောထားမယ်နော်။ တို့သူငယ်ချင်း ခြောက်
ယောက်ဟာ အမြဲတမ်းသူငယ်ချင်းပဲ ဖြစ်ရမယ်။ တို့ အမြဲတမ်း
ပြောတယ်။ ဘယ်တော့မှ စည်းမကျော်ကြေးလေး။ ဟုတ်ပြီးနော်”

ကျွန်တော်စကား ရှေ့မဆက်နိုင်အောင် ဖြတ်ပြောပြီးတော့ 
ကျွန်တော်ရှေ့ကို ထိုးပေးလိုက်တဲ့ ဝေ့လက်သန်းကလေးကို 
ကျွန်တော် နောက်ဆုံးမှ ချိတ်ဖြစ်တယ်။

“ဒီစကားကို အတည်မယူလို့ ဖြစ်နိုင်မလား ဝေ။ မင်းမှာ သစ္စာ
လူမှာကတိတဲ့။ လူတွေဟာ ကတိတည်ဖို့ လိုတယ်တဲ့လား။ 
မပေးချင်ဘဲ ပေးထားတဲ့ကတိဆိုရင် ရော တည်ဖို့လိုသေးလား။ 
အဲဒီကတိမျိုးေ၇ာ အကျုံးဝင်သလား။ အဲဒီကတိပေးခဲ့တဲ့ 
အချိန်တုန်းက တစ်သက်လုံး စောင့်ထိန်းပါ့မယ်ဆိုပြီး ဆုံးဖြတ်ခဲ့
ကြရာမှာမှ မဟုတ်တာ။ အခြေအနေအရ မပေးမဖြစ်လို့ 
ပေးလိုက်ကြရတာဆိုရင်ရော။
ကိုယ့်အပြစ်တော့ မဖြစ်ပါရစေနဲ့တော့ ဝေ..။

ဆက်လက်ဖော်ပြပါမည် ...

ကောင်းမြတ်(ရတီ)
 အပိုင်း(၁)ဖတ်ရှုရန်နှိပ်ပါ 



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ