အထူးသဖြင့် နွေပူပူတွေရဲ့ အားလပ်ရက်တွေမှာ အဲသည် ရထားတစ်တွဲက
သူတို့ အိမ်ခန်း ကျဉ်းကျဉ်းလေးထဲ လုံးထွေး ပျော်မြူးလို့သာ နေနေကြတာ။
ရယ်သံတွေ… စိတ်ကောက်ငိုသံတွေ… စည်ဝေလို့..။ သားရယ်၊
သမီးရယ်၊ အဖေရယ်၊ အမေရယ်ဆိုတဲ့ အသိဟာ သိပ်ကို ချိုမြိန်လှပါ
သည်။ လူ့ဘ၀ရဲ့ ပြည့်စုံတဲ့ အပျော်ဆိုတာ သာယာတဲ့ မိသားစုဘ၀ထဲမှာ
ပဲ ရှိတယ်လို့ မောင်က ယုံသည်။ ဒါကို ကျမလည်း ယုံသည်။ သားသမီးတွေ
လည်း ယုံစေရမည်။ ထိုယုံကြည်ရခြင်းက ရင်ထဲမှာ အေးမြလှသည်။
လက်တွေ့ဘ၀ထဲမှာ ဘယ်လောက်မှ အခက်အခဲ မကြုံရလျှင် တော့
မိသားစု နည်းနည်းလေးမှ အဝေးမခံဘဲ နေသွားချင်ခဲ့တာပါ။
အဲသည်တုန်းကတော့ ၀န်းကျင်ထဲက နွေအပူအောက်မှာ ကျမတို့ရဲ့
အိမ်ခန်းကလေးကဖြင့် ပြတင်းပေါက်မှာ နွယ်ကျနေသော ဆင်ဂမုန်းအစိမ်းက
အစ အေးရိပ်ဆင်သည်။ အဲသည်မှာ… အိမ်အ၀င်ဝက ခန်းဆီး အပျော့ လေး
လေအတိုက်မှာ လွင့်သည်ကပင် အေးလို့…။ သားအဖတတွေ ပူးပေါင်းပြီး
ကျမ စိတ်တိုအောင် စကြသည် ကပင် အဲသည် အေးရိပ်တွေနဲ့ ဟာမိုနီဖြစ်လှ၏။
ဘယ်သူ ဘာပြောပြော… ကျမတို့အတွက်တော့ အဲသည် သစ်ပင်အုပ်တွေကြား
က ကိုယ်ပိုင်မဟုတ်သော ပေ၂၀ ပတ်လည် အိမ်ခန်းကလေးမှာ သိပ်ကို
ကြီးကျယ် ခမ်းနားခဲ့ပါသည်။
+++++
နောက်ထပ် သေချာတာတစ်ခုကတော့ ခုလို ကျမ လွမ်းနေချိန်မှာ မောင်လည်း
ကျမလို လွမ်းနေချိန်မှာ မောင်လည်း ကျမလို လွမ်းနေလိမ့်မည် ဆိုတာပါပဲ။
ကျမ ယုံကြည်သည်၊ ခုထိ… ဆယ်စုနှစ်တစ်စုနီးပါး ခရီးမှာ ကျမနှင့် မောင်
တစ်ကြိမ်တစ်ခါမှ အကြီးအကျယ် သဘောကွဲလွဲခြင်းမျိုး မရှိဖူးခဲ့။ ကျမ
တို့နှစ်ယောက်ကြားမှာ ရှိသောကြိုးက အပြန်အလှန် ငဲ့ညှာမှုပဲဖြစ်သည်။
အဲသည်ကြိုးက အံ့သြစရာ ကောင်းလောက်အောင် တင်းမာသည်။ ခိုင်ခံ့ဖို့
ကိုတော့ ကျမတို့နှစ်ယောက် စိတ်ရှည်ရှည်နှင့် ကြိုးစား ထိန်းသိမ်းကြရမှာပေါ့။
နောက်တစ်ခု မောင်နှင့် ကျမ၏ တူညီတာတစ်ခုက ကျမတို့နှစ်ယောက်
ဆုံဆည်းရခြင်းအတွက် အပြန်အလှန် ကျေးဇူးတင်နေမိခြင်းပင် ဖြစ်သည်။
အထူးသဖြင့် လင်ယောက်ျား အပေါ် စွာလောင်လောင် တုံ့ပြန်တတ်သော ၊
ပွစိပွစိလုပ်တတ်သော မိန်းမတစ်ယောက်မဟုတ်သည့်အတွက် မောင်က
ကျမကို ကျေးဇူးတင်သလို.. ဇနီးမယားကို ဆဲရေး တိုင်းထွာ မလုပ်တတ်သော၊
အကြမ်းမဖက်တတ်သော.. စိတ်ရှည်သော မောင့်ကိုလည်း ကျမက အမြဲ
ကျေးဇူးတင်ရပါသည်။(အဲသည်လို မိသားစုမျိုးကျကာမှ ခွဲရလေတယ်)။
ဝမ်းရေးအတွက်.. တဲ့။ လွမ်းရေးထက် ၀မ်းရေးခက်ခဲ့ပြီ။
ကျမက မကြာခဏဆိုသလို “ခုနေ မောင် ကိုယ့်ကို ထားသွားရင်တောင် ရပြီ။
မောင့်ကျေးဇူးတွေ ကိုယ့် အပေါ်မှာ ခုဆို သိပ်များနေပြီ” လို့ ပြောမိတတ်သည်။
အဲသည်အခါဆို… မောင်က ခပ်တည်တည်ဖြင့် ကျမကို စိုက်ကြည့်တတ်သည်။
ဘာမှလည်း ပြန်မပြော။ အံ့သြစရာကောင်းတာက အဲသလို ဘယ်တော့မှ
တစုံတရာ ပြန် မဖြေရှင်းသည့် ခင်ပွန်းကို.. သူ့မျက်လုံးတွေအောက်မှာ
နေနေရရုံသက်သက်ဖြင့် ကျမက အရာရာကို ယုံကြည်ခြင်းပင်။ အဲသည်
ယုံကြည်ရခြင်းလေးက ကြာရှည်မခံဘူးဆိုလျှင်တောင်မှပဲ ကျမ ကျေနပ်နိုင်ပါ
သည်။
မောင်နှင့်ဘ၀မှာ ခုလောက်ဆယ်နှစ်တာ ပြည့်စုံသော စိတ်ချမ်းသာခြင်းရခဲ့
ဖူးခြင်းက ကျမအတွက်တော့ တစ်ဘ၀စာ တန်ပါပြီ။ အဲသည်အသိနှင့်ပင်…
ကျမဘ၀မှာ လုံခြုံပြီ… စိတ်မှာ အင်အားတွေရှိပြီ။ ဒါပေမယ့် မောင်…
ယုံကြည်ခြင်းနှင့် လွမ်းဆွတ်ခြင်းကတော့ဖြင့် သီးခြားစီသာ ဖြစ်သည်။
မတတ်သာလွန်းလို့ ခွဲနေကြ ရတဲ့ အချိန်တွေထဲမှာ ကျမ မောင့်ကို မပျော်
တတ်တော့လောက်အောင် လွမ်းဆွတ်ပါသည်။
+++++
ဇာတ်သိမ်းပိုင်းမျှော် ...
ကလောင်ရှင် - မေငြိမ်း
Credit - Empress မဂ္ဂဇင်း။
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ