Saturday 16 April 2016

ပိတောက်တွေမျောနေတဲ့အလွမ်း (ဇာတ်သိမ်းပိုင်း)

တကယ်တော့ လွမ်းတယ်ဆိုသော စကားကိုပင် ပေါ့တန်လှသည်ဟု 

ထင်သည်။ “သူများပျော်လို့ မပျော်နိုင်၊ ရည်းစားပျောက်လို့ မှိုင်”

ဆိုသော သင်္ကြန်သံချပ်ကလေးက ခုနွေမှာတော့ ကျမကို မြားတစ်စင်းလို 

အသေအချာ ထိမှန်လိမ့်မည်။ အဲသည်အခါ အရင်ကလို ပြုံးနိုင်ပါ့မလား။ 

အနားမှာ မောင်အတူမရှိတဲ့ သင်္ကြန်မှာ ကျမ ပြုံးရယ် နိုင်ဖို့ မလွယ်ပါ။ 

မိသားစုနဲ့ ဝေးဝေးမှာ (အလုပ်ခွင်ထဲ ရောက်နေချိန်လည်း ဖြစ်နိုင်ပါသည်) 

မောင်တစ်ယောက် တည်း ရှိနေခိုက် မိသားစုကြီးရဲ့ ဘ၀ရပ်တည်ရေး

အတွက် တပြည်ခြားမှာ ပင်ပင်ပန်းပန်း နေနေရခိုက်မှာ ကျမ မပျော်ရက်ပါ ။ 

ကျမအတွက်တော့ အချစ်ဆိုတာ ကိုယ်ချင်းစာ ငဲ့ညှာမှုတစ်မျိုးလည်း ဖြစ်သည်။


+++++


သင်္ကြန်အကြိုဆိုရင်… ကျမတို့ နေခဲ့သော မြို့ကလေးမှာ အမြဲလို… ပိတောက်

တွေ အချိန်ကိုက် ဖူးတတ်သည်။ ကျမတို့နေသော ပန်းစုံတောအုပ်ကလေးမှာ

လည်း သင်္ကြန်ပန်းရနံ့တွေ သင်းပျံ့လာမြဲ။ အဲဒီအချိန်ဆို ကျမတို့ ရထားတွဲ

လေးဟာ လှုပ်နှိုးခံလိုက်ရသလို မြို့ကလေးရဲ့ အနီးဆုံး ပင်လယ်ဆီ ဦးတည် 

ခုတ်မောင်းတော့သည်။ သားကြီး နဲ့ သမီးက စင်ရော်လေးတွေလို ပင်လယ်လှိုင်

းတွေဆီမှာ ပျော်သည်။ ပင်လယ်ရေဟာ ပက်လို့မကုန်တဲ့ သင်္ကြန်ရေပဲ..။


(ဒီက ပန်းချီ)


ပင်လယ်ရဲ့ မနက်ခင်းမှာဆို ပိတောက်ကြွေတွေကလည်း လှိုင်းတွေစီးလို့၊ 

နေရောင်ခြည်က ပိတောက်ပွင့်တွေကို ရွှေရောင် ပိုရင့်စေပြီး လှိုင်းတွေကို

ကျတော့ သက်တံ့ရောင် ဆိုးသည်။ အဲသည် မြင်ကွင်းတွေဟာ ကျမတို့

အတွက်တော့ ဘယ်တော့မှ ငြီးငွေ့စရာ မကောင်း။ ပိတောက်တွေကို 

မောင်ကိုယ်တိုင် အပင်ပေါ် တက်ခူးပြီး အခန်းလေးထဲ ဝေနေအောင် 

ထားပေးလျှင် အဲသည် ပိတောက်တွေကမှ အမွှေးဆုံး ဖြစ်သည်။ ရင်ထဲထိ 

အေးစေတဲ့ မွှေးရနံ့ဟာ သိပ်လည်း လတ်ဆတ်သည်။ တကယ်တော့ အဲဒါ

ဟာ နှစ်စဉ် မောင် ပေးနေကျ မေတ္တာတွေပဲ မဟုတ်လားကွယ်။ ထိုအခါ 

တစ်နှစ်မှ မပျက်ကွက်ဖူးသော ပိတောက်ဦးတွေကပင်လျှင် မောင့်ကို လွမ်းချင် 

လွမ်းနေနိုင်ပါ သေးသည်။


+++++


လူတွေက ပျော်လို့။ ညံလို့၊ သွက်လို့၊ သင်္ကြန် ကျပြီတဲ့။ သားကြီးက 


“ရေပက်မဏ္ဍပ် သွားမယ်နော်မေမေ” 


တဲ့ ။ သမီးကတော့ 


“အိမ်ရှေ့မှာပဲ ရေစည်ချပေး” 


တဲ့။ သားငယ်ထွေးလေးကတော့ လက်တွန်းလှည်းလေးထဲမှာပဲ 

တခစ်ခစ်ရယ်နေမှာပေါ့။ မေမေကတော့ သည်အတိုင်းပဲ ကလေး

တွေကို ထိုင်စောင့်မှာပေါ့ကွယ်။ သားကြီးက နောက်တတ်ပြီ။ 


‘မေမေကို ဒီနှစ်တော့ သားပဲ ရေလောင်းမယ်’ 


လို့ ပြုံးစစနဲ့ ပြောတတ်ပြီ။ သမီးကတော့


‘ဖေဖေရှိရင် သမီးကို ရေပိုက်ဆင်ပေးမှာ’ 


လို့ သတိရရှာတယ်။ ပိတောက်ပန်းတွေ တွေ့တော့ လိုချင်လိုက်တာ တဲ့။ 

မေမေကတော့ မလိုချင်ပါဘူးကွယ်။ သမီးဝယ်လိုက်တဲ့ ပိတောက်ပန်းတွေက 

အ၀ါဖျော့လိုက်တာ။ ရနံ့က လည်း လျော့သေး။ ဟိုး နှစ်တွေတုန်းက 

ပိတောက်တွေကဖြင့် သင်္ကြန်ရက် ကုန်တာတောင် သူ့ရနံ့က ဝေ့၀ဲ လွင်ပျံ့ 

ကျန်နေသေးသလို။ ခူးပေးတဲ့သူကြောင့် ပိုမွှေးတာ ဖြစ်မှာနော်။


လတ်ဆတ်တဲ့ရနံ့က လေပြေနှင့်အတူ မျောလွင့်လာသည်။ သမီးက 

ပိတောက်တွေ ချွေကစား။ ရေစည်ထဲမှာ ပိတောက်ပွင့်ကြွေတွေ... 

ရေဘောင်ဘင်ထဲမှာ ဝေလို့။ လှိုင်းခေါင်းဖြူသံ တ၀ုန်းဝုန်းကို ကြားသည်။ 

ပိတောက် ပွင့်ကြွေတွေက တငြိမ့်ငြိမ့် တလိမ့်လိမ့်။ ကိုယ့်ဆံပင်ပွပွမှာ 

ပိတောက်ခက်တွေ ထိုးစိုက်ပေးတတ်တဲ့ လက်အစုံ ကို သတိရတယ်။ ဟော 

သမီးလေးရဲ့ ခိုးခိုးခစ်ခစ် ရယ်သံ။ မောင့်ခမျာလည်း လွမ်းရှာမှာပဲ။ ဟော… 

သားကြီးက ဖေဖေရေ သောင်ပြင်မှာ ဘောလုံးလုအောင်… တဲ့။ သားငယ်လေး

ကတော့ အဖေ့လက်ကို အားကိုးတကြီး ဖမ်းဆုပ်ရင်း လှိုင်းကြားမှာ ရာဘာ

လှေကလေး စီးလိမ့်မည်။ သုံးနှစ်အတွင်း သားသမီးတွေ အဖေကို စိမ်းသွား 

မှာလည်း စိုးတယ်တဲ့။ 


‘အားတင်းထားနော်… မောင်ရယ်။ နှစ်နှစ်ပဲ ကျန်တော့တာပါ’ 


ကျမ ဘယ်သူ့ကို နှစ်သိမ့် နေတာလဲ။ မောင့်ကိုလား။ သားသမီးတွေကိုလား။ 

ဒါမှမဟုတ် ကိုယ့်ကိုယ်လား။ အမှန်အတိုင်း ၀န်ခံရလျှင်တော့ အားငယ်စွာ 

ငိုကြွေးပစ်လိုက်ချင်တာပါ။


ဟော… ပိတောက်တွေ လတ်ဆတ်သောမွှေးရနံနဲ့၊ မိုးစက်တွေ စိုစွတ်နေသလို 

လန်းလို့။ အရွက်စိမ်းတွေက ဖားဖား ဝေေ၀ ၀န်းရံလို့။ မောင်က ပိတောက်ဆို 

အရွက်စိမ်းတွေ တွဲနေမှ လှသတဲ့။ ခေါင်းတွဲ ရှိမနေသေးတဲ့ ရထားတွဲလေး

ကရော ပြည့်ပြည့်စုံစုံ လှပါ့မလား ……


အို… ကျမ ရင်ထဲကို ပိတောက်စိမ်းစိမ်းတွေ အဆုပ်လိုက် အခဲလိုက် 

ဘယ်သူ ပစ်ထည့်လိုက်တာလဲ…ဟင်။ အဲသည့် အချိန်လေးမှာ ခေါင်းတွဲ

လာ မချိတ်သေးတဲ့ ရထားအိမ်ကလေး လေးတွဲကတော့ အချင်းချင်း 

တင်းကျပ် သိပ်သည်းအောင် ချိတ်လို့ ပကတိ ငြိမ်သက်စွာ…။


+++++


အသေချာဆုံးကတော့ ကျမအတွက် အခုနှစ်မှာ သင်္ကြန် မကျပါ။


ပြီးပါပြီ ။...


ကလောင်ရှင် - မေငြိမ်း


Credit - Empress မဂ္ဂဇင်း။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ