Monday 4 April 2016

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၇၆

* ဘီလူးဆိုင်းတီးတဲ့နတ်သမီး *

လိမ်ညာဟန်ဆောင်နေတတ်တဲ့
ချစ်ခြင်းတခုကိုမှ
ခခယယနဲ့နှစ်သက်နေမိတာ
ဘေးလူတွေကြည့်ရင်တော့
တဟားဟားနဲ့
ရယ်ဖွယ်ရာပြဇာတ်တပုဒ်
ခံစားရတဲ့သူအတွက်တော့
နာကျင်စရာ
ကကြိုးရုပ်ကလေးပေါ့
သူမကိုဘဝလို့ထား
ကိုယ့်ကိုကိုယ်ဟုတ်လှပြီမှတ်တာ
ရုပ်လုံးတွေကြွတက်လာခါမှ
သြော်...သူဟာ
ဘီလူးဆိုင်းတီးတဲ့နတ်သမီးပါလား
ဒါလဲချစ်ဆဲချစ်မြဲချစ်တာပဲ
အရှုံးသမားတဲ့
ဟုတ်တာပေါ့ငါကအရှုံးသမား
မာနတွေသိက္ခာတွေအတ္တတွေပါ
စုံလုံးကန်းရင်းရှုံး
နွံနစ်ရုန်းခဲ့ရတာ
ခုထိလည်းရုန်းနေဆဲ
အစွန်းရောက်တဲ့ချစ်ခြင်းတွေ
မပျက်စီးသရွေ့ငါရုန်းနေမယ်
               Phyur.../\/*L့
=================================
* တိမ်များနဲ့ထုဆစ်ထားသော
                      ကောင်းကင် *

ကောင်းကင်နှင့်မြေပြင်ကြားက
အတ္တနှောင်ကြိုးမျှင်ကလေးပေါ့
အချစ်ဆိုတာကို
သင်ရိုးကုန်လေ့လာမိတယ်
ကောင်းကင်လိုအရှုံးသမားပါပဲ
ဘယ်လောက်ပင်မြင်ရမြင်ရ
ကြင်နာခွင့် မရှိဘူးလေ
မေတ္တာတွေဘယ်လိုပင်ပေးပေး
ပိုပိုဝေးသွားတယ်
ငွေ့ရည်ဖွဲ့ကာရစ်သီနေတဲ့
တိမ်စိုင်တိမ်ခဲတွေလို
သူနဲ့ကိုယ်နဲ့ကစည်းခြားနေတာ
သံယောဇဉ်တွေရွာသွန်းနေရတာလဲ
ကမ္ဘာမြေတဖက်ခြမ်းပြည့်လျှံနေပြီ
ဘဝတခုလုံးကို
တစ်ကနေစပြင်နေရတယ်
ဟိုနေရာတကွက်ဒီနေရာတကွက်နဲ့
အဖာအစပ်တွေများနေလိုက်တာ
တိမ်ဆိုတာပျော့ညံ့တဲ့အသဲနှလုံး
နူးညံ့စွာရွာသွန်းဖို့အတွက်ပဲလား
တချက်တချက်ထထဖောက်တဲ့
မီးစက်အိုကြီးလို
ကောင်းကင်ထက်က
အိုဇုန်းလွှာရဲ့ပေါက်ကွဲသံစဉ်တွေက
ခရမ်းလွန်ရောင်ခြည်တွေ
လွင့်ပျံ ကာကျ နေစွာ
ချည်တုတ်ထားတဲ့
ကြိုးတွေမာန်မာနပျက်ပျက်လာတဲ့ခါ
သန်းခေါင်ယံချိန်မှာ
ထွက်ထွက်လာတတ်တဲ့
ငတက်ပြားလိုအသဲသူခိုးပါလို့
အလွမ်းသမား
ဆိုညည်းတတ်ရုံမှအပ
ဝေဒနာတွေထားဖို့
ဒဏ်ရာတွေမကျက်သေးတာအမှန်ပါ
                        Phyur.../\/*L့
=================================
* အစိမ်းရောင်သံသယ *

အစိမ်းရောင်သံသယတွေ
ရမ္မက်မီးတောက်လောင်ကျွမ်း
ခပ်ရှရှအနမ်းတချို့မှာ
ဟယ်လိုဟယ်လိုနဲ့
ကြိုးမဲ့ဖုန်းလေးတလုံးလို
တီတီ တီတီအသံတွေမြည်တယ်

သံသာချိုအေးရိန်းတုံးလေး
နောက်ကွယ်မှာ
ဆူညံပေါက်ကွဲစွာဟစ်သီကြွေးမဲ့
Rapစာသားတွေလို
စကားလုံးပေါင်းများစွာနဲ့
ပုလိပ်စစ် စစ်မဲ့သူမ

ရဲရင့်စွာရှေ့ထွက်မဲ့
သူရဲကောင်းများစွာရှေ့မှာ
ကျွန်တော်စစ်ကိုမကြိုက်ဖူး
နာရီသံတွေလည်စေခဲ့
အရှိန်အဟုန်ပြင်းတဲ့သတ်ကွင်းထဲက
လက်တံတွေကိုကျွန်တော်ကြောက်တယ်
                     Phyur.../\/*L့
=================================
ပျောက်ဆုံးသွားတဲ့

မေတ္တာရှင်ရယ်

ဘယ်စီ ဘယ်ဝယ်

ရှောင်ခွါသွေဖယ်

နေရက်နိုင်သူကြီးရေ

မျှော်သူအလွမ်းများ

အစွန်းရောက်သွားခဲ့ပြီ

သံယောဇဉ်ကြိုး

ချည်နှောင်ရစ်ပတ်

ရင်ထဲ တိတ်တခိုး

တမြေ့မြေ့နာကျင်

ချစ်လျှက်သူ အဝေးကို

စွန့် သွား တော့ …

ဒီမှာ ရူးမတတ်

လွမ်း…လို့ ကျန်

( တကယ်

်ချစ်မိသလောက်

အသည်းက နာကျင်

ဒဏ်ရာ ဝေဒနာ

ရင်မှာ ကျန်နေ

ဒီဘဝမှာ ဒီမျှနဲ့သာ

ဒီလို အလွမ်းများ

ကင်း ဝေး ပါရစေ

အိမ်မက်တွေနဲ့

အကြိမ်ကြိမ်နှိပ်စက်

မမေ့ကြေး ကမ္ဘာထဲ

လွမ်းရက်ကြာရှည်

လွမ်းသူ့ထံ

ချစ်သူပြန်ခဲ့မလား…

နေရာဟောင်းမှ

ဒို့တော့ လွမ်းဆဲပါ

နေရာမှန်

ရင်ခွင်ဟောင်းကို

စွန့် ခွါသူ

စိတ်သောက

ကင်းဝေးပါစေ

ပျော်ပါစေ

ဒို့ဆုတောင်းနေ

မမေ့တတ်သူ

မမေ့ခြင်းများနဲ့ကျန်

မမေ့ခြင်းများနဲ့

အသက်ဆက်ရှင်နေ

ကြင်နာသူကို

ရှာနေသူပါ

ဒီတစ်သက်မှာ

တစ်ယောက်တည်း

ချစ်သူ

ပြန်လာဦးမလား

အတွေးနဲ့မျောလွင့်ကြွေ

ဘယ်အတွက်

်ဘာကြောင့်

ဘယ်လိုအကြောင်းနဲ့

ဘယ်အရပ်စီသို့

ပြေးပုန်းရှောင်နေ

မမေ့တတ်အောင်

ချစ်လာခဲ့ပြီးမှ…

" မကြင်နာ အသည်းကို

အစိမ်းလိုက်

်ခွဲသွားသည် " ။ )


ဗလ
=================================
မိုးမြင့်ယံအလွမ်း


စွဲချက်မလို
အသဲထက်ကို
စုတ်ချက်ထွင်း
ရုတ်တရက်နှင်းတဲ့
ချစ်ခြင်း၏မြှားချက်
အခြားတဖက်မှာ
အဆိပ်သုတ်
အတိတ်ခလုတ်
ဆွဲထားတဲ့ငါ့ရဲ့
ပစ္စူပ္ပန်ထဲမှာ
နင့်အမုန်းတွေ
သင်ပုန်းချေလို့
မရပါဘူးဟာ
ရာဇသံစွက်တဲ့
အမိန့်ဟန်တချက်မှာ
အဆိပ်မာန်အမျက်တွေ
ခဝပ်တွားလို့
ငါ့အပစ်များရှိလဲကျေ
ငါ့အချစ်တွေ
နယ်လွန်သမျှ
ဘယ်အစွန်က
ရင်ဘက်ထဲမှာ
မပြင်လေသမျှ
မြင်နေရတဲ့
အမုန်းဒဏ်ရာတွေက
အရှုံးခံသာအောင်
ကြွေးကြော်လို့
ပြေးသော်
မရောက်တဲ့
ကောင်းကင်တလျှောက်ဆီမှာ
နင့်အမုန်းမြှားချက်နဲ့
လွှတ်အောင်
ငါမြင့်မြင့်ပျံပြမယ်
ချစ်သူ့။


         သူရဇ္ဇ
=================================

ကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်အစီအစဉ်လေးကို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခုလောလောဆယ် ကျွန်တော် viber ခဏပိတ်ထားတဲ့အတွက် ကဗျာတွေပေးပို့လို့ ရမှာမဟုတ်သေးပါဘူး။ သင်္ကြန်ပြီးတာနဲ့ ဖုန်းမှာviberပြန်တပ်ဆင်ပေးပါ့မယ်။ beetalk group က ကဗျာတွေကို တင်ပေးနေမှာဖြစ်ပါတယ်ဗျာ။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ