အမတန်ခူး က တဂ်လာသည်။ စကားလုံးလေးက ချစ်စရာ လေး..
ဘာကို ချစ်ရမလဲ.. ဘယ်လို အချစ်မျိုးကို ဖွဲ့ဆို ရမလဲ.. ဒါနဲ့
သူကရော ဘယ်လို အချစ်အကြောင်းကို ဖွဲ့နွဲ့ ထားသလဲ သိရအောင်
သူ့ ဘလော့ လေး ကို သွားဖတ်တော့မှ.. လား.. လားး လက်စသတ်တော့
ဘ၀ လက်တွဲဖော်နဲ့ ကိုယ်နဲ့ ကြားက အချစ် ကို ရည်စူးမှန်း သိတော့
သည်။ အင်းးး ရေးရဦးတော့ မည်။ ဘယ်က ဘယ်လို စရေးရပါ့။ သူ့လိုပဲ
ကလေး ဘ၀က စပြီး နားလည်သလို ကြုံသလို ရေးတော့မည်။
အချစ် ဆိုတာကို ကြားဖူးနားဝ စရှိခဲ့ပုံက ကိုယ့်ကို တော်တော်
ခေါင်းရှုပ်စေခဲ့သည်။
ဖေဖေ့ကို ချစ်လား… မေမေ့ကို ချစ်လား.. ဖေဖေနဲ့ မေမေ ဘယ်သူ့ကို
ပိုချစ်လဲ.. ဘွားဘွားနဲ့ မေမေ ဘယ်သူ့ကို ပိုချစ်လဲ
ဘယ်သိမလဲ…
သည်ကြားထဲ ဘယ်သူ့ကို ပိုချစ်ပါသည်ဟု ဖြေမိရင် လျော့ချစ်တယ်လို့
အထင်ခံရသူက မျက်စောင်းက ခဲ သေးသည်။ သိဘူး။ တူတူ ချစ်တယ်လို့
ဖြေတော့ နှစ်ဘက် လုံးက မကျေနပ်.. အခက်ကြီးရယ် ခက်ရ ပါ တယ်။
ဒါကြောင့် ချစ်လားလို့ မေးလာရင် ဘယ်တုန်းကမှ မပျော်။ အချစ် ဆိုတာ
ဘာလဲ။ သူတဖက် သား တို့ စိတ်ကျေနပ်ဖို့ သုံးနှုံးတဲ့ နှစ်သက်စဖွယ်
စကားလုံး တစ်လုံးလား။ သူ့ဘက်သား ကိုယ့် ဘက် သား အပြိုင် ဆွယ်ဖို့
မာယာချိုချိုလား။ ချစ်လား မချစ်လား မေးခွန်း ထုတ်ပြီး သူတို့ စိတ်အလို
မကျတိုင်း အပြစ် မရှိဘဲ စောင်းမြောင်းပြီး ရိုက် နှက် ငေါက်ငမ်းပြီး မျက်ရည်
ပိုးပိုးပေါက်ပေါက် ကျအောင် စိတ်ဆင်းရဲ ခဲ့ရပြီးမှ သမီးကို ဆူ ချင်လို့
မဟုတ်ဘူး ဟိုတစ်ယောက်ကို မကျေနပ်လို့ ရွဲ့ပြောတာနော် ဆိုတဲ့
စကားနဲ့ ချွေး သိပ် ခဲ့တာက အချစ်စစ်လား။ အချစ်ဆိုတာ တကယ်က
ဘာလဲ။ ကိုယ့်အတွက် ချိုမြိန်သော စကား လုံးနဲ့ အ တွေ့ အကြုံ တစ်ရပ်
ဘယ်တုန်းကမှ မဖြစ်ခဲ့။ ကိုယ်တကယ် လွမ်းရတဲ့ အဖိုးက ချစ်လားလို့ တခါမှ
မမေးခဲ့ သလို ချစ်ကြောင်းလဲ တခါမှ မပြောခဲ့ ဖူးပါ။ ဒါပေမယ့် သူနဲ့ နေရတာ
အချိန်တိုင်း ပျော် တယ်။ စိတ်ထဲမှာ လုံခြုံတယ်။ ချစ်လား လို့ မေးတတ်
ပြောတတ်တဲ့ လူတွေနားမှာ ဘယ်အချိန် ကိုယ့်ကို ထပြီး ဆူငေါက် ရိုက်နှက်
အလိုမကျ မျက်စောင်းခဲမလဲ ဆိုတာကို စိတ်တထင့်ထင့်နဲ့ နေခဲ့ရသည်။
အချစ် ဆိုတဲ့ အရာ ကိုယ့်အတွက် တော်တော် ဆိုးခဲ့ပါသည်။
နည်းနည်းလေး အရွယ်ရလာတော့ (မူလတန်းပါ) အရပ်ရှည်ပြီး လူကောင်
ထွားလွန်းတဲ့ ကိုယ် မှတ်မှတ် ရရ တတိယတန်း အရောက်မှာ အဌမတန်းက
ကျောင်းသား တစ်ယောက်က ရည်းစားစာ လိုက်ပေးသည်။ ဘာ နားလည်
မှာတုန်း။ ကိုယ့်အကိုဝမ်းကွဲ တွေတောင် ရည်းစား မရကြသေး။ အူကြောင်ကျား
နဲ့ ကျောင်း ဆင်း ချိန်မို့ အတန်းပိုင် ဆရာမလဲ အလုပ်ရှုပ်နေချိန်၊ ကိုယ့်ကို
အင်မတန်ချစ်လို့ ကျောင်းအပ် စောစော လက်ခံ ခဲ့တဲ့ ကျောင်းအုပ်ကြီးနဲ့
ကျောင်းဝင်းထဲ အတွေ့ သူမေးလို့ ကိုယ်တောင် မဖတ်ရ သေးခင် သူ့
လက်ထဲ ထိုစာ ရောက်သွားရာ တကျောင်းလုံး ဟိုးဟိုးကျော်.. လူတွေ
မျက်စိ ဒေါက်ထောက် လိုက်ကြည့် တာ ခံ လိုက်ရ.. အမြင်ကတ်လိုက်သည့်
ဖြစ်ချင်း။ အဲသည့် အချစ်ဆိုတဲ့ ဟာကြီးက ကိုယ့်ကို အမြဲ ဒုက္ခပေးသည်။
ကိုယ် အလယ်တန်း ရောက်သည့်အချိန် အကိုဝမ်းကွဲတွေက ရည်းစားတွေ
ရနေပြီ။ ပြောလို့ ပြောတာ မ ဟုတ်။ တော်တော် ချောသလောက် အမြင်
ကတ်စရာ ကောင်းလောက်အောင် စွံသော အကိုများမို့ သူတို့ အိတ်ထဲမှာ
ရည်းစားစာက အနည်းဆုံး ငါးစောင် အထက် နေ့တိုင်း ရှိတတ်သည်။ အဲဒီ
ရည်းစားစာ တွေ ကို ခိုးဖတ်ရင်း သူတို့ရှေ့မှာ အပြောင်အပျက် ပြန်ရွတ်
နောက်ပြောင် ရယ်မောရင်း အချစ်ဆိုတဲ့ အရာ က လှောင်ပြောင် ရယ်မော
စရာအဖြစ် ပြောင်းလာ ခဲ့သည်။ မပြောင်း ခံနိုင်ရိုးလား… ရည်းစားက ဟော
တစ် ယောက် ဟောတစ်ယောက်။ အချစ် ဆိုတဲ့ အရာက ကျွန်မရဲ့ အသိ
အာရုံမှာ လူတစ်ယောက် ကို ကိုယ့် အလိုဘက် ပါလာအောင် မြှူဆွယ်
ဖြားယောင်း အချိုသတ် ပြောဆို သုံးနှုံး တတ်သော အသုံးချခံ စကား လုံး
အဖြစ် စွဲနေ ခဲ့ လောက် အောင် အဖြစ်အပျက် များက တွန်းပို့ ခဲ့ပြီကိုးးး အဲဒီ
အချိန်က အကိုတစ် ယောက် ရဲ့ ရည်းစားစာ ထဲက ကဗျာ တစ်ပုဒ် အောက်မှာ
ခဲတံနဲ့ ဖြည့်စွက် ရေးခဲ့ပုံလေးကို ခုထိ သတိရ မိသည်။
ဆံကေသာဦး ပန်ရွယ်ခူးလဲ၊ ဂုဏ်နှိုင်းမမီ၊ ဘက်မညီမို့၊ ရည်တည် နေမြဲ၊
တကိုယ်တည်း (ဆံကေသာဦး ပန်ရွယ်ခူးမယ်ဆိုလို့ တပွင့်တည်းလား
မှတ်တယ် .. တကယ်တမ်းကျ အခိုင်လိုက်ကြီး ဟွန့်) တဲ့လေ။
ဆက်ပါဦးမည် ...
Credit - ခွန်မြလှိုင်
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ