Monday 28 September 2015

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၁၀

ဒီနေ့ဟာဆိုရင်မှတ်မှတ်ရရကျွန်တော်တို့ကဗျာဂျာနယ်လေးလည်ပတ်လာတာကဗျာအပုဒ်ရေ၅၀ရှိခဲ့ပြီဖြစ်ပါတယ်။ကဗျာရေးသားပေးကြတဲ့ရွှေမြို့တော်သူငယ်ချင်းများနဲ့beeltalkသူငယ်ချင်းများအပြင်viberကနေပို့ပေးတဲ့ဝါသနာရှင်များကိုလည်းကျေးဇူးပါဗျာ။ဒီနေ့မှတိုက်ဆိုင်စွာပဲကဗျာပေးပို့သူကိုဗလရဲ့ကဗျာတွေပဲတင်ပေးရမှာဖြစ်ပါတယ်။ကိုဗလကျေးဇူးပါနော်။
===============================
''နှုတ်ဆက်ချိန်အလွမ်း''

ဝေးကြရတော့မယ်ကွယ်

ကုန်ဆုံးသွားခဲ့ အချိန်များ

ကိုယ်ဝယ်ထားချင်လိုက်တာ

တွေ့ဆုံကြုံကွဲ ဖြစ်မြဲပဲလို့

တရားပြလည်း

နားချမရတဲ့ အသည်း

ကြေမွအက်ကွဲ

ပြန်ဆုံဖို့ လမ်းစ

ရှာမရပါဘူး

ကံကြုံလို့ ပြန်ဆုံရင်တောင်

မသိယောင်ဆောင် ဖယ်ရှောင်သွားမှာ

ကြိုကာသိနှင့်

စိမ်းရင့်မျက်ဝန်းကြောင့်

လွမ်းခွင့်သာရှိလိမ့်မယ်ပေါ့

နှုတ်ဆက်ကြပြီကွယ်

မျက်ရည်လွှမ်းမယ့်ကာလများ

ကိုယ်ရှောင်သွားချင်လိုက်တာ

ပေးပို့သူ-ဗလ

===============================
''နင် သိပါစေ''
တွေးလေဆွေးလေ လွမ်းမပြေနှင့်
ဝေးမှတမ်းတ သတိရ၍
ငယ်ကချစ်ဦး မောင့်သက်ဆူးကို
ချိန်ခါနေ့ည တမ်းတတမို့
မှာတမ်းလေးတော့ ချွေပါရစေ
ဝေးမြေရပ်ခြား ဒေသများက
ကလေးသူငယ် လူမမယ်တို့
ပညာအလင်း ကောင်းစွာလင်းဖို့
ကျရာဝန်တာ နင်ကျေရှာတော့
ငါ့မှာအလွမ်း စုကာလွမ်းမိ ။
မိဝေးဖဝေး တနယ်ကျေးမှာ
အရာကိစ္စ မှန်သမျှကို
မမေ့သတိ ဆင်ခြင်မိသို့
ဂရုကျမ္မာ စိုက်လေပါဟု
ငါ့မှာနင့်တွက် စိုးရိမ်ဖြစ်မိ ။
ငါတို့အရေး ဘေးဖယ်တွေးတော့
နင်ကလောက သာယာလှဖို့
တတ်သိပညာ မနေသာတော့
ခေါင်ဖျားဒေသ တာဝန်ကျ၍
ငါ့ရဲ့အလွမ်း နင်သိစမ်းလိမ့် ။


ပေးပို့သူ-ဗလ
===============================
''နှင်းနုနုနွေ''

နွေ​ရောက်​ရုံနဲ့

နှင်းပျေက်သွားတတ်ပါသလား

ဆောင်းအကုန်

နွေအကူးဆိုသလိုပါပဲ

ဆောင်းကုန်သွားပြီဆိုပေမယ့်

နှင်းဝတ်ရုံပဝါလှလှလေးက

နွေတခါးမှာ

ခြေကလေးချကာ နေသွားပါသေးသည်

ဆောင်းရက်တွေ

ကုန်းဆုံးသွားပေမယ့်

ဆောင်းရဲ့လက်ကျန်

နှင်းငွေ့ဒဏ်က

နွေကိုတွန်းလှန်သေးသည်

အချစ်ရေ

အချစ်ရက်တွေ

ကုန်ဆုံးသွားပြီလို့ဆိုကြပေမယ့်

အချစ်လက်ကျန်

အလွမ်းဒဏ်က

ရင်ကိုထိမှန်နေပြန်ပြီကွယ်....

ပေးပို့သူ-ဗလ
===============================
တကယ်တော့ ငါရူးနေတာပါ

မချစ်ဖူးလို့ အချစ်ဆူး စူးခဲ့တာ

အချစ်ရူးလို့ သူတကာအလည်

မာယာတွေကြွယ်တဲ့ နင်က

ရင်နာစရာတွေ ပေးရက်လိမ့်မယ်လို့

မထင်ခဲ့တာ ချစ်တဲ့စိတ်တစ်ခုတည်းနဲ့

ယုံကြည်နေမိတာ ငါမှားလား

အချစ်ကို ကိုးကွယ်လို့ ဒဏ်ခတ်

ရာဇဝင်အကြောင်း ပုံပြင်ဟောင်းတွေက

ငါ့နှလုံးသားကို အသိပေးတားမြစ်

အချစ်ဦးကို ရင်ထဲစူးအောင်

ချစ်တဲ့အကြောင်းပြောပါရစေ

တကယ်တော့ ငါ ရူးနေတာပါ

ပေးပို့သူ-ဗလ
===============================
''လွမ်းခွင့်ရရုံလေးပါပဲ''

စူးရှတဲ့ မျက်ဝန်းတစ်စုံ

သိမ်မွှေ့တဲ့ အပြုံးတစ်ခု

ယဉ်ကျေးတဲ့ လမ်းလျှောက်ဟန်နဲ့အတူ

ပါးပြင်မှာသနပ်ခါး ပါးကွပ်ကြားလေးနဲ့

မင်းကိုငါ ချစ်မိနေပြီ

တကယ်တော့ ငါဟာ

အလွှာ ဓန ပကာသနတွေမရှိတဲ့

အညတြ တောသားတစ်ယောက်ရယ်ပါ

စစ်မှန်တဲ့ ငါ့အချစ်နဲ့ပတ်သတ်ပြီး

မင်းငြင်းပယ်ခွင့်ရှိပါတယ်ချစ်သူ

ဒါပေမယ့် မင်းနဲ့ပတ်သက်သမျှလေးတွေကို

ငါ့ကို လွမ်းခွင့်လေးတော့ပေးပါ

ချစ်သူရယ်***

ပေးပို့သူ-ဗလ

*****************************************
ဒီနေ့တော့ဒီလောက်ပဲပေါ့နော်။ကဗျာချစ်သူများအနေနဲ့လည်းမိမိတို့ခံစားချက်ကဗျာလေးတွေပေးပို့ချင်တယ်ဆိုရင်တော့ဖုန်းနံပါတ်09256480246
သို့viberဖြင့်ပေးပို့နိုင်ပါတယ်ခင်ဗျာ။ကဗျာပေးပို့ရာတွင်ကဗျာခေါင်းစဉ်နဲ့ကဗျာရေးသူနာမည်လေးထည့်ပေးဖို့မမေ့ကြပါနဲ့နော်။အခုလိုကဗျာလေးတွေကိုများများတင်ပေးနိုင်အောင်ကူညီချင်တယ်ဆိုရင်တော့MPT/OOREDOO/TELENORငွေဖြည့်ကဒ်Pinနံပါတ်လေးများကိုအထက်ပါဖုန်းနံပါတ်တွင်ပေးပို့ကူညီနိုင်ပါတယ်ခင်ဗျာ။ငွေဖြည့်ကဒ်ပေးပို့တဲ့အခါMPTဆိုMPTလို့ရေးပေးဖို့မမေ့နဲ့အုံးဗျ။
စီစဉ်တင်ဆက်သူ-အောင်မြင့်မြတ်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ