Sunday 20 September 2015

ကဗျာဂျာနယ်အတွဲ၁အမှတ်၎

ဒီနေ့လည်းကဗျာတွေအများကြီးပို့ထားတာတွေ့လို့ဝမ်းသာပါတယ်။ကဗျာတွေအများကြီးထဲကမှပထမဆုံးရောက်ရှိနေတဲ့ကဗျာငါးပုဒ်ကိုတင်ပြပေးလိုက်ရတာပါခင်ဗျ။ဒါကြောင့်ဒီနေ့မပါလို့စိတ်မဆိုးပါနဲ့နော်။နောက်နေ့မှာထည့်ပေးပါ့မယ်ခင်ဗျ။

ဘယ်သူပိုလှသလဲ

ကြွေလွင့်ရွက်ဝါ မြေသက်လျာတော့

သံချိုဥသြ လွမ်းသံနှောလို့

ပင်ယံခေါင်ဖြား ကူသံကြား၍

ခေမာထောက်ဆ ပိတောက်လှကို

ဘယ်သူယှဉ်၍ နိုင်ပါအံ့ ။

ဟိုစဉ်တစ်ခါ ပျိုကညာမှာ

ခေမာမည်ရှိ လှသည့်ယဉ်စွာ

အလှယစ်မူး မာန်ထောင်ကျူးကာ

မြင်သူကငေး တင်စရွယ်မှာ

သူ၏လှများ ပြိုင်စံရှားပါ ။(တဲ့ )

ကေသာဆင်မြန်း ပိတောက်ပန်းနှင့်

ခေမာလှထူး မြင်ကြသူငှါ

လှနိုင်ရက်အား နတ်အလားသို့

ချီးမွမ်းသံကြား ပိတောက်ထက်များတော့

သူကသာ၍ လှပါသတဲ့ ။

သြော်

ဇရာကုန်ခမ်း ရင်မှာနွမ်း၍

မရွှင်စိတ်ဝမ်း ပိတောက်ပန်းက

တစ်နှစ်သွင်ဆန်း ငါကားလန်း၍

သင်ကဇရာ မေ့ခဲ့တာကြောင့်

သင်နဲ့ငါများ ပြောစရာခြားလို့

ဘယ်သူသာ၍ လှပါအံ့ ။

ရေးသူ-စစ်မျိုးဗလ
===============================

ခေါင်းစဉ်မရှိပါ

လိုင်းပေါ်တွေ့သိ ဆုံလာမိကြောင့်

ရှေးသံသရာ ကံသည်လာလို့

ကြုံလာခဏ တဒင်္ဂကို

ရေစက်လို့ပဲ ထင်မိပါတယ် ။

ချိုသာစကား ပြောလေးများကြောင့်

နစ်မျောစီးဝင် ငါပျော်ရွှင်၍

ငယ်ကသူချင်း ဖြစ်တည်ခြင်းထက်

ရင်ထဲဖွဲ့တည် မသိခဲ့ပြီ ။

လိုင်းတက်တွေ့နိုး ငါမျှော်ပိုးလည်း

မတွေ့ခဏ ချိန်ကာလကို

နှစ်လကြာရှည် မတွေ့သည်သို့

ငါများသူ့ကို ချစ်မိ၍လော ။

မေးခွန်းများစွာ တွေးကမ္ဘာမှာ

ဖြေရှာမရ ပူဒုက္ခကို

ပြောခါနောင်တ ကြုံလာမှဖြင့်

ငါကားဝမ်းနည်း လွန်ကြေကွဲလိမ့် ။

မမာအသဲ ရှိနေခြင်းက

ကိုယ့်၏အပူ ကိုသာယူ၍

ဒုက္ခလိုက်ရှာ တွေ့၍လာသော်

သမင်ပျိုနောင်တ ငါဖြစ်တော့အံ့ ။

ရေးသူ-စစ်မျိုးဗလ
*****************************************
ခေါင်းစဉ်မပါရှိပါ

သူမက လှပတင့်တယ်ခြင်းနဲ့
သင်းရနံ့ထုံလွမ်းသည့်
ပန်းလေးတပွင့်ဆိုရင်..ကျနော်က
ခူးဆွတ်နမ်းရှိုတ်ခွင့်မရှိတဲ့ ဥယျာဉ်မှူးတယောက်ဖြစ်ခဲ့တယ်...

ပေးဆပ်ခြင်းနဲ့ အချစ်တခုကို
တစ်ဘ၀စာဂုဏ်ယူထွေးပိုက်လို့
စီးကျလာတဲ့ မျက်ရည်စတွေ
သူမမြင်အောင်သုတ်ခဲ့ရတဲ့
လက်တစုံမှာဆုံးရှုံးခြင်းတွေကြောင့်
့်အင်အားမဲ့ကာတုန်ရီနေခဲ့တယ်....

ကောင်မလေးရေ...
တိတ်တဆိတ်နဲ့ ကျကွဲသွားတဲ့
ငါ့ ..ရင်ခုန်သံတွေက ဒဏ်ရာအပြည့်နဲ့နာကြင်နေရလည်း
`မနက်ဖန်တိုင်းမှာ
နင် ပျော်ရွင်ပါစေ´..လို့
ကြယ်ကြွေချိန်ကိုစောင့်ရင်း
ငါ ဆုတောင်းနေမိမှာပါ..

ရေးသူ-စစ်မျိုးဗလ
==*==*==*==*==*==*==*==*==*==*==*=
ဆု

တစ်ခါတရံ အလွမ်းဒါဏ်နဲ့

သိပ်ချစ်ကြောင်းကို သိသိလာရ

ချစ်ဒုက္ခ ။

တစ်ခါတစ်ရံ နာကြည်းဟန်နဲ့

တွေ့ရှောင်စိမ်းကား မလိုခါးရ

ချစ်ဒုက္ခ ။

တစ်ခါတစ်ရံ ခွင့်လွှတ်ပြန်နဲ့

တိုးဝင်ဘယ်ခါ စောင့်ကြိုနေရ

ချစ်ဒုက္ခ ။

သြော်....

အလွမ်းရက်ရှည် ကြာခဲ့လေလျှင်

ရင်ထဲဖွဲ့တည် သိလေပြီလေ

မကြင်နာလို့ တမင်ခွါလည်း

မသွေခွင့်လွှတ် နင်ပျော်ဖို့တွက်ဆို

နောက်ဆုတ်ရပ်တည် ကျန်ခဲ့လေပြီ

မေတ္တာရေ အချစ်နယ်တကြောမှာ

အချစ်ဆိုတာ ဒုက္ခတစ်ခုရယ်မို့

ဖြစ်တည်နှောင်ဘဝ ထိုဒုက္ခကို

ကင်းလွတ်လို၏။

ရေးသူ-စစ်မျိုးဗလ
*&*&*&*&*&*&*&*&*&*&*&*&*&*&*&*&*
မချစ်တော့ရင်အပြစ်မြင်တတ်ကြတာထုံးစံပါ

#စိတ်ပူလို့ပြောမိရင်တောင် လျှာရှည်တယ် ထင်တယ်
#သတိရလို့ဖုန်းဆက်ရင်တောင် သူ့ဘက်ကအရင်ဖုန်းချပစ်ချင်နေတယ်
#ချစ်လားလို့ခဏခဏမေးတာတောင် ရစ်တယ်လို့မြင်နေတယ်
#ကိုယ့်ဘက်ကလွမ်းမိတဲ့အချိန်တိုင်းMessageလေးပို့တာတောင် replyတွေသိပ်ကြာတတ်လွန်းနေတယ်
#ကိုယ့်ဘက်ကချစ်လွန်းလို့စိတ်မချတွေဖြစ်ပီး သဝန်တိုမိတာတောင် သူ့ကိုမယုံကြည်လို့ လို့ထင်နေတယ်

ဘာပဲဖြစ်ဖြစ်ပါ
နောက်ဆုံးတော့ ပိုချစ်ရတဲ့သူက ပိုရှုံးရတာပဲလေ ...
ဘယ်လောက်ပဲနာကျင်ခံစားရပါစေ နောက်ဆုံးအချိန်ထိ တတ်နိုင်သမျှလေး သူ့အနားမှာဖက်တွယ်နေခဲ့မိတယ်

ရေးသူ-စစ်မျိုးဗလ
>><<>><<>><<>><<>><<>><<>><<>><<>>


ဒီနေ့တော့ဒီလောက်ပဲပေါ့နော်။ကဗျာချစ်သူများအနေနဲ့လည်းမိမိတို့ခံစားချက်ကဗျာလေးတွေပေးပို့ချင်တယ်ဆိုရင်တော့ဖုန်းနံပါတ်09256480246
သို့viberဖြင့်ပေးပို့နိုင်ပါတယ်ခင်ဗျာ။ကဗျာပေးပို့ရာတွင်ကဗျာခေါင်းစဉ်နဲ့ကဗျာရေးသူနာမည်လေးထည့်ပေးဖို့မမေ့ကြပါနဲ့နော်။အခုလိုကဗျာလေးတွေကိုများများတင်ပေးနိုင်အောင်ကူညီချင်တယ်ဆိုရင်တော့MPT/OOREDOO/TELENORငွေဖြည့်ကဒ်Pinနံပါတ်လေးများကိုအထက်ပါဖုန်းနံပါတ်တွင်ပေးပို့ကူညီနိုင်ပါတယ်ခင်ဗျာ။ငွေဖြည့်ကဒ်ပေးပို့တဲ့အခါMPTဆိုMPTလို့ရေးပေးဖို့မမေ့နဲ့အုံးဗျ။
စီစဉ်တင်ဆက်သူ-အောင်မြင့်မြတ်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ