Saturday 19 September 2015

ကဗျာဂျာနယ်အတွဲ၁အမှတ်၃

ခေါင်းစဉ်မပါရှိပါ
မှိုင်းညို့ညို့လွင် ရွာမည်ပြင်၍
လျှက်စစ်ရောင်ဖြာ ထက်အာကာမှာ
ဇာမျှင်တိမ်ပန်း ရောင်ဝါလွှမ်းလျက်
ပြိုတော့မည်ရောင် မိုးနတ်မောင်

ရေးသူ-စစ်မျိုးဗလ
*****************************************
ပန်းခရေနဲ့အတူ

သွေ့ခြောက်မပျက် လှမဖက်၍

နွမ်းမပြေရနံ့ ထုံချယ်သန့်သည့်

ကြွေယူဝေမွှေး ပန်းကလေးနှင့်

ဘယ်ပန်းယှဉ်ပြိုင် ရနံ့လှိုင်လည်း

ခရေအလှ မှီနိုင်ကြအံ့ ။

ဝေစဉ်မကြွား မာန်မလွှား၍

လေသင့်ရာကြိုင် သူ့မဏ္ဍိုင်ကို

ကြွေလည်းမပျက် သူ့ရဲ့ဝတ်ကို

ကျေပွန်ဝန်တာ သူ့ဝန်တာသို့

လောကအလှ ဆင်ကာသလို့

လူတို့အသည်း ညို့ယူစွဲသည့်

ရှေ့ဆောင်လမ်းပြ ခရေလှသို့

တို့များအားကျ တွေးချင့်ဆ၍

ရှိသည့်စွမ်းအား မာနမလွှားပဲ

လောကအလှ ဆင်ကာသစို့ ။

ရေးသူ-စစ်မျိုးဗလ
*****************************************
ကျွန်ုပ်နှင့်သမိုင်း

နေ့ညမဟူ တွေးကြည့်ယူသည်

ကောင်းနိုးရာရာ စာကဗျာကို

ချိန်ဆနိုင်းညှိ ကျွန်ရေးပါ၏ ။

ရှေးခါမယ ထိုကာလက

ဝန်းကျင်ဖွဲ့ရေး လင်္ကာတေးနှင့်

ဖူးပွင့်ဝေဆာ စာကဗျာမှာ

တစ်ကြောင်းတစ်ခါ ထိမိပိုင်စွာ

စာကဗျာက သမိုင်းပြဆို

ရှေးစာဆိုတို့ မမေ့လိုခဲ့ ။

သြော်......

ယခင်ကာလ ရှေးခါကပင်

စာဆိုကဝိ ပညာရှိတို့

ဖော်ကျူးခဲ့ကြ ကဗျာလှကို

အသစ်ထွင်ဆန်း ခေတ်ယဉ်လမ်း၌

ရှေးမူမပျက် ကဗျာနှစ်ကို

ကျွန်ရေးခုခါ စာကဗျာသည်

သမိုင်းမော်ကွန်း တည်ပါစေသတည်း ။

ရေးသူ-စစ်မျိုးဗလ
*****************************************
ကဗျာဆရာနှင့်သူ၏ဘဝလမ်း

တစ်ပွင့်နှစ်ပွင့် သုံးလေးပွင့်မှ

ပန်းပွင့်များစွာ တွဲသီပါလည်း

သူ့မှာ ပန်းကုံး မရသေး ။

တစ်မီးနှစ်မီး သုံးလေးမီးမှ

ဆီမီးများစွာ ကူညှိပါလည်း

သူ့မှာ အလင်း မမြင်သေး ။

တစ်လမ်းနှစ်လမ်း သုံးလေးလမ်းမှ

လမ်းသစ်များစွာ ခင်းဖေါက်ပါလည်း

သူ့မှာ ပန်းတိုင် မရောက်သေး ။

သူမရလည်း

ပန်းလှဝေဖြာ ဖူးပွင့်သာသော်

ရင်မှာပီတိ သစ်ရသဲ ။

သူမလင်းလည်း

လင်းကြသူငါ မြင်တွေ့ပါသော်

ရင်မှာပီတိ သစ်ရမြဲ ။

သူမရောက်လည်း

ရောက်ကြပန်းတိုင် ဆွတ်ခူးနိုင်သော်

ကြိုင်လှိုင် ပြုံးပန်းပွင့်ရမြဲ ။

ဘဝတစ်ဆစ် လမ်းတစ်ထစ်မှာ

ချစ်မြတ်နိုးရာ စာကဗျာကို

လှရာရာရွေး မွှေးရာရာဆင်

ခုံမင်ဆန္ဒ အာသီသနှင့်

ဘဝလောကဓံ အန်တုခံယင်း

ရုန်းကန်လှုပ်ရှား အားသစ်ပွါးလျက်

နှလုံးသားအလှ ဆင်တကား ။

့(ပခုက္ကူ မောင်နီဝင်း)ရဲ့ ကဗျာလေးပါ

ရေးသူ-စစ်မျိုးဗလ
*****************************************
အမိမဲ့သား

ဘဝရေဇလာ ပင်လယ်ပြာမှာ

ရွက်လွင့်လှေငယ် အို ခရီးသည်

လှိုင်းကြီးလေထန် မုန်တိုင်းဒဏ်ကို

ခါးစည်းရင်ဆိုင် ကြံ့ကြံ့ခိုင်အောင်

သူလေကြိုးစား လိုရာသွားခဲ့ ။

အန္တရယ်ကြား သက်စွန့်စား၍

လူမမယ်လေး သားရှေ့ရေးတွက်

ဝမ်းရေးဖွေရှာ မနေသာ၍

သားမောင်လူလှ ဘဝလှဖို့

မျှော်တွေးကြံဆ ထုဆစ်သခဲ့ ။

ထုဆစ်ပုံဖေါ် ရုပ်လုံးပေါ်သော်

ရင်ဝယ်ပီတိ ကြည်နူးမိသို့

ပညာနို့သောက် မျိုးဂုဏ်စောင့်သိ

အကျိုးနိုင်ငံ ကျသည့်ဝန်တာ

သူကျေရာဟု မျှော်ထောက်ရှုမိ ။

သြော် ....

သားပေါ်မျှော်လင့် လူရည်တင့်ဖို့

ခြစ်ကုပ်ငွေလေး စုကာထွေး၍

အတွေးနစ်မျော ငိုသောကလေးကို

သံသာချိုတေး သားအိပ်ရေးတွက်

အမိမဲ့သား မေတ္တာများဖြင့်

သူကားရူးမတတ် ချစ်ခဲ့သည် ။

ရေးသူ-စစ်မျိုးဗလ
*****************************************
ဒီနေ့တော့ဒီလောက်ပဲပေါ့နော်။ကဗျာချစ်သူများအနေနဲ့လည်းမိမိတို့ခံစားချက်ကဗျာလေးတွေပေးပို့ချင်တယ်ဆိုရင်တော့ဖုန်းနံပါတ်09256480246
သို့viberဖြင့်ပေးပို့နိုင်ပါတယ်ခင်ဗျာ။ကဗျာပေးပို့ရာတွင်ကဗျာခေါင်းစဉ်နဲ့ကဗျာရေးသူနာမည်လေးထည့်ပေးဖို့မမေ့ကြပါနဲ့နော်။အခုလိုကဗျာလေးတွေကိုများများတင်ပေးနိုင်အောင်ကူညီချင်တယ်ဆိုရင်တော့MPT/OOREDOO/TELENORငွေဖြည့်ကဒ်Pinနံပါတ်လေးများကိုအထက်ပါဖုန်းနံပါတ်တွင်ပေးပို့ကူညီနိုင်ပါတယ်ခင်ဗျာ။ငွေဖြည့်ကဒ်ပေးပို့တဲ့အခါMPTဆိုMPTလို့ရေးပေးဖို့မမေ့နဲ့အုံးဗျ။
စီစဉ်တင်ဆက်သူ-အောင်မြင့်မြတ်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ