Thursday 23 March 2017

*နွေ မျက်ရည်*
ပွင့်နေပြီပေါ့ လက်ပံပွင့်တွေ
နွေရောက်ပြီတဲ့ သက်သေပြနေ
ဝေဒနာတွေ မဖြေသာဘူး...
လေရူးလေပွေ တိုက်ခက်မြူးတော့
ရက်စက်ခဲ့သော ချစ်ဦးသူရေ
နွေရောက်လေတိုင်း လွမ်းနေမိတယ်...
ရော်ရွက်ဝါတွေ မြေမှာကြွေလို့
ငါ့အသည်းတွေ ကြွေခဲ့ရတာ
နွေကာလမို့     နွေကိုမုန်းတယ်...
ပြုံးသူကနိုင် ရှုံးသူမှိုင်လို့
နှလုံးသားကို ဈာပနသွင်း
ငါရင်တွင်းမှာ မြစ်တစ်စင်းက
မျက်ရည်စက်တွေ စီးဆင်းနေပေါ့...
         တစ်ကောင်ဘွား(ဓာတ်တော်)
* မငိုပဲကြွေတဲ့ မျက်ရည်*
ချစ်တယ်လို့ ဖွင့်ပြောခြင်ပေမဲ့
မဝံ့မရဲ စိတ်တွေနဲ့
ရင်ထဲမှာ မြိုသိပ်နေရသူ
အညတရ လူမို့
မကြင်နာပစ်ခွါ နင်မုန်းသွားမှာ
စိုးရိမ်နေလို့ နှလုံးသားကို
အပြုံးတုနဲ့ ဖုံးကွယ်
နင်ကွယ်ရာမှာ ငါငိုနေတယ်ဆိုတာ
နင်မသိခဲ့ဘူး မလား...
နင်သွင်းခဲ့တဲ့ သူငယ်ချင်းဆိုတဲ့
နေရာလေးမှာ နင်ထားရာနေ
နင်စေရာသွား  နင်ပေးသနားတဲ့
အရံလူဆိုပေမဲ့ ငါကျေနပ်တယ်...
နင် ရက်စက်ခဲ့လို့
ဝေဒနာ အလွမ်းညတွေ
အသင်္ချေ ထပ်ပါစေဦးတော့
ငါချစ်တဲ့ နင် အတွက်
တစ်ပါးသူ ရင်ခွင်ထဲ
နင်ပျော်ရွှင်ပါစေလို့
ဆန္ဒပြုရင်း ဒီဆောင်းညမှာ
အလွမ်းနဲ့ ငါ ငိုမနေပဲ
မျက်ရည်တွေက ကြွေခဲ့ရပြီ...
      တစ်ကောင်ဘွား(ဓာတ်တော်)
 * မျက်ရည် မြစ်တစ်စင်း*
တမ်းတမှန်းဆ လွမ်းနေမိတယ်
ပျော်မြူးးရွှင်ခဲ့ နေ့ရက်တွေကို
မျှော်လင့်ပေမဲ့ မကြင်နာရက်စက်
လက်ပြနုတ်ဆက် ထွက်ခွါသွားလည်း
ငါ့နှလုံးသားမှာ နင်တစ်ယောက်သာ
ချစ်ဖူးသူမို့ ရူးခဲ့ရပြီ...
ပြန်လာပါတော့ ပြောပြခြင်လည်း
နင်ရင်ထဲမှာ ငါဆိုတာ
လူပိုဖြစ်လို့ ဝမ်းနည်းငိုကြွေး
လွမ်းဆွေး ဝေဒနာကို
တစ်နေ့ စာနာနားလည်ပါစေ ချစ်သူ...
ရှိပါစေလေ ဝဋ်ကြွေးဆိုလည်း
ပေးဆပ်လိုက်မယ် ဝေးသွားပေမဲ့
ငါ ချစ်တဲ့နင် တစ်ပါးသူရင်ခွင်ထဲ
ပျော်ရွင်နိုင်ပါစေ ဆန္ဒပြုလို့
နှလုံးသားက စီးဆင်း 
မျက်ရည် မြစ်တစ်စင်းဖြစ်ခဲ့ပေါ့..
    တစ်ကောင်ဘွား(ဓာတ်တော်)
   *မျက်ရည်သက်သေ*
ကြာတော့လည်း ကြာခဲ့ပြီ
ဒါပေမဲ့ မနေ့တစ်နေ့ကလိုပဲ
စိတ်ထဲထင်မှတ် လွမ်းရက်တွေကို
လက်ချိုးရေတွက်ကြည့်သော်
သြော်..နှစ်လရာသီ အလီလီ
ပြောင်းလဲခဲ့ပေမဲ့ 
မဟောင်းမေတ္တာ နှောင်းသစ္စာကို
သက်သေပြစရာ ပါးပြင်ထက်မှာ
ကြွေဆင်းလာသည့် မျက်ရည်တွေပဲ
ရှိပါတော့တယ် ချစ်သူရယ်...
မဖိတ်ခေါ်ပဲ ရောက်လာတဲ့
အလွမ်းတွေသာ ပန်းတစ်ပွင့်လို
နွမ်းလွင့်ကြွေခဲ့ရင်တောင်
ယုယစွာနမ်းရှိုက်နေမည့်သူဟာ
ဒို့တစ်ယောက်ထဲပါ ချစ်သူ...
       တစ်ကောင်ဘွား(ဓာတ်တော်)
 *အလွမ်းမျက်ရည်*
သိပ်ချစ်နေပေမဲ့လည်း
ပေါင်းစည်းခွင့် ကြမ္မာ
ဗလာဖြစ်လို့ လက်ပြနှုတ်ဆက်
ချစ်လျှက်နဲ့ ဝေးခဲ့ပြီ...
ဒို့နှစ်ဦး ရင်ထဲကိုယ်စီ
ဒဏ်ရာတွေက နာကျင်
ကံကြမ္မာရယ် ရက်စက်
ညဉ့်နတ်သန်းခေါင်မှာ
တိုးတိုးလေ ငိုကြွေး
လွမ်းဆွေးတမ်းတ သက်သေပြစရာ
မျက်ရည်စက်တွေက 
ပါးပြင်ထက်မှာ ယနေ့တိုင်
စိုစွတ်နေလျှက်ပါပဲ ချစ်သူရေ...။
  တစ်ကောင်ဘွား(ဓာတ်တော်)
 ကဗျာချစ်သူတွေအတွက် ဒီတစ်ခါတော့ မျက်ရည်ကဗျာများကို တင်ပေးလိုက်ပါတယ် ကျနော်ရဲ့ နှလုံးသားထဲက သင်္ကြန် ဝတ္ထုတို ဇာတ်လမ်းလေးကိုလည်း မကြာခင်မှာ တင်ဆက်ပေးတော့မှာပါ ကြိုက်ကြရဲ့လား အားပေးနေသေးရင် ၀၉၇၇၅၇၃၈၆၁၉သို့ ဆက်သွယ်ပြီး ဝေဖန်အကြံပြု နိုင်ပါတယ်ဗျာ

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ