ဒီလိုနဲ့ပဲ ညိုမောင် နိုင်ငံခြားသွားရမယ့် ရက်ကိုရောက်ရှိလို့ ထွက်ခွာသွား
ပါတော့တယ်။ ချစ်သူဘ၀ မှာ နှစ်ဦးသားအတူတူစုဆောင်းရှာဖွေထားတာ
တွေ၊ ယုဇနရဲ့ အနှစ်နှစ်အလလ စုဆောင်းထားတဲ့ ပစ္စည်းဥစ္စာ တွေက
အခုလိုနိုင်ငံခြားသွားရဖို့အတွက် ကုန်ကျမှုတွေကြောင့် ညိုမောင် ထွက်ခွာ
သွားချိန်မှာ ယုဇနလက်ဝယ် ငွေကြေး၊ ပစ္စည်း တစ်ပြားတစ်ချပ်မှ မရှိတော့။
ညိုမောင့်ကိုတောင် ရန်ကုန်လေဆိပ်အထိ လိုက်ပို့ဖို့ အဆင် မပြေတော့
တာကြောင့် ရွာကနေသာ နှုတ်ဆက်လိုက်ရတဲ့အခြေအနေလေ။ တော်သေး
တာက ယောက္ခမ အိမ်မှာ နေခဲ့ရတယ်ဆိုပေမယ့် ယုဇနကို သမီးရင်း
တစ်ယောက်လို ချစ်ခင်ကြတဲ့ ညိုမောင့်မိဘတွေကြောင့် လည်း ယုဇန
ဘ၀လေး အေးချမ်းနေမှာပါ။ လက်ဝယ်ဘာမှမကျန်လည်း ဘာအရေး
လည်းနော်။ အမေတို့ခြံ လေးကို ကူညီရင်း အဲ့ဒီက၀င်ငွေနဲ့ ယုဇန
အတွက် ထမင်းမငတ်လောက်ပါဘူး။ နောက်အမေတို့လည်း သမီးရင်း
လေးတစ်ယောက်လိုချစ်တဲ့အတွက် စိတ်ချလက်ချထားခဲ့ပါမောင်ရယ် ..
မမ နေပျော်အောင်နေမှာပါ။ မမ အတွက်တော့ မောင် အနားမှာမရှိတာ
ကလွဲလို့ ကျန်တာ အားလုံးအဆင်ပြေရမှာပါ မောင် ရယ် …
…………………………..
ဒါပေမယ့် … ဒါပေမယ့် … ပေါ့ … ယုဇနရဲ့ အတွေးအထင်တွေ ..
ညိုမောင်ရဲ့ စိတ်ချထားခဲ့မှုတွေ မမှန်တော့ဘူးဆိုတာ ညိုမောင်ထွက်ခွာ
သွားပြီး နောက်တစ်နေ့မှာ ယုဇန ကောင်းကောင်းကြီးနားလည် သဘော
ပေါက်ခဲ့ပါတော့တယ်။ ချစ်တဲ့ မောင် တစ်ယောက်ကိုလွမ်းဆွတ်ရင်း
ညဘက်တော်တော်နဲ့အိပ်မပျော် နိုင်ဘဲ ညဉ့်အရမ်းနက်မှသာ အိပ်ပျော်
သွားခဲ့တဲ့ ယုဇနတစ်ယောက် ခြေထောက်ကို ခတ်ဆတ်ဆတ် လှုပ်နှိုး
လိုက်မှုကြောင့် အိပ်ယာကနေ နိုးသွားပါတော့တယ်။ အိပ်မက်ထဲမှာ
မောင် နဲ့နှစ်ဦးသားအတူတူ ချောင်းစပ်မှာ ထိုင်ပြီး မောင့်ရင်ခွင်ထဲ
ပျော်ဝင်နေခဲ့ရတာတွေတောင် ဘယ်ရောက်သွားမှန်းမသိတော့ ..
“ဟဲ့ .. ထလေ ဘယ်အချိန်ရှိပြီလဲ … နင်က ဒီလောက်အထိ အိပ်နေ
ရအောင် ဒီ အိုကြီးအိုမတွေက နင့် အတွက် ထမင်းအိုးတည်ကျွေးရမှာလား …”
ညိုမောင်ရှိစဉ်က စကားလုံးချိုချိုလေးတွေနဲ့ သမီး .. သမီး အထပ်ထပ်ခေါ်
လို့ ချစ်ခင်ခဲ့တဲ့ မိခင်ဖြစ်သူ ကချက်ချင်းလက်ငင်း ဆက်ဆံပုံပြောင်းလဲ
သွားခဲ့မှုအပေါ် ယုဇန အံ့သြတုန်လှုပ်သွားခဲ့ရသလို ၀မ်းနည်းအား ငယ်မှု
တွေကလည်း ချက်ချင်းဆိုသလို ခိုဝင်လာခဲ့ရပါတော့တယ်။ ဒါပေမယ့်
လည်း မိခင်ဖြစ်သူ ငြိုငြင်မှာစိုးတာ ကြောင့် အိပ်ယာကအမြန်ထပြီး
ထမင်းအိုးတည်ဖို့အတွက် ကြိုးပမ်းရပါတော့တယ်။ တောရွာလေးတွေရဲ့
ဓလေ့အရ အိမ်ရှင်မတွေက နံနက် ၅ နာရီဆို အိပ်ယာထ ထမင်းအိုးတည်
မိုးလင်းတာနဲ့ ခြံထဲ၊ လယ်ထဲမှာရှိတဲ့ ဟင်းစားလေးတွေရှာဖွေလို့
ချက်ရပြုတ်ရပါတယ်။ ညိုမောင်ရှိစဉ်ကတော့ ယုဇနတစ်ယောက်အခုလို
အစော ကြီးထပြီး ထမင်းအိုးတည်ဖို့မပြောနဲ့ အိပ်ယာနိုးလို့ ဟင်းချက်ချိန်
ကူညီရင်တောင် ပင်ပန်းမယ်ဆိုပြီး နားနား နေနေ နေခိုင်းတဲ့ မိခင်ဖြစ်သူရဲ့
လတ်တလောပြောင်းလဲမှုတွေက ကြောက်ခမန်းလိလိပင်။
ဆက်ပါဦးမည် ....
မုန်း (BeeTalk)
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ