ပိတောက်တွေ မျောနေတဲ့အလွမ်း (အပိုင်း - ၁)
ကျွန်မအတွက်တော့ အခုနှစ်မှာ သင်္ကြန် မကျပါ။
ပိတောက်ပန်းတွေလည်း မပွင့်။ ချစ်သော ပင်လယ် ကမ်းခြေများကလည်း
ဟိုးဝေးဝေး နယ်နိမိတ်စွန်းတွေဆီ ရောက်နေကြလိမ့်မည်။ ခုချိန်မှာ…
“ပိတောက်တွေ ရွှေရည်လူးခဲ့ပေါ့လေ.. ပုလဲငုံ စပယ်ဖြူ ဖူးခိုက် ဝေေ၀
ပန်းမျိုးစုံ ရာသီကုန် ကူးခဲ့ပေါ့လေ.. ချစ်သူကို ရည်စူး ခူးတဲ့လို့ ချွေ…
ကိုယ်တိုင် လှရာရာ ရွေးလို့ ဆင်မပေးရ ဆံမြ ညှာကေ”
ဆိုတဲ့ သီချင်းတစ်စကိုလည်း မေ့ထားရမည်။ ပြီးလျှင် ဇော်ဇော်အောင်ရဲ့
“ပင်လယ်ထဲက ညသည် ပိတောက်ပန်း ဖြစ်၏”
ဆိုတဲ့ ၀တ္ထုတိုရယ်၊ ကိုယ်တိုင်ပဲ ရေးခဲ့လျက်နဲ့
“အချစ်အကြောင်း ပြောရအောင်”
လုံးချင်း ၀တ္ထုရယ်ကိုလည်း စာအုပ်စင်ရဲ့ ဟိုး နောက်ဘက်ဆုံးဆီ ထိုးထည့်
သိမ်းထားလိုက်ရမည်။
ခုအခါမှာ… အချိန်ရာသီမှန်မှန် ဆိုက်ကပ်နေကျ ရထားတွဲဟာ သူဆိုက်ကပ်
နေကျ ပိတောက်တွေ ဝေနေတဲ့ ပင်လယ်ကမ်းခြေ ဘူတာ တခုခုဆီကို
ရောက်မလာနိုင်သေးတာ သေချာနေမှတော့လေကွယ်။ ဒါဖြင့်.. လှိုင်းခေါင်းဖြူတွေ
တ၀ုန်းဝုန်းနဲ့ အဲသည် ဘူတာလေးတွေကရော.. သူတို့ဆီ ရယ်မောပျော်ရွှင်သံ
တွေ ဝေေ၀ စည်စည်နဲ့ ရောက် ရောက် လာနေကျ ရထားတွဲလေးကို မျှော်နေ
မှာလား… သတိရနေမလား ဟင်… ဘယ်လောက် လွမ်းစရာကောင်းလိုက်သလဲ
မောင်ရေ…
ပိတောက်ပန်းတို့ တည့်တည့် ပွင့်သော နွေလယ်ရဲ့ သင်္ကြန်တတွင်းမှာပဲ
ရထားတွဲလေး တစ်တွဲရဲ့ သမိုင်း စ ခဲ့တာ ပါ။ အဲဒီ့ သမိုင်းထဲမှာ ပင်လယ်ကမ်းခြေ
ဟာလည်း အရေးပါတဲ့ စာမျက်နှာ ဖြစ်ခဲ့ရဲ့။ အဲဒီ သမိုင်းဟာ သန်မာတဲ့
လက်ဖ၀ါးတစ်ခု။ တွဲအိမ်ငါးခုပါတဲ့ ရထားတွဲနှင့်လည်း တူပါသေးသည်။
မောင်က မိသားစုကို လက်ငါးချောင်း ပြည့်စေချင်တာတဲ့။ သားကြီးရယ်၊
သမီးလေးရယ်၊ ခုတော့ သားငယ် ထွေးလေးရယ်.. အဖေနဲ့အမေရယ်
ပေါင်း တော့ ငါးချောင်းပြည့်ပြီပေါ့တဲ့။ လက်ငါးချောင်းလည်းစုံရော..
အဲဒီလက်ဖ၀ါးရဲ့ ခွန်အားအတွက်တဲ့။ ရထား ခေါင်းတွဲကြီးခမျာ.. တပြည်တရွာ
ဟိုးအဝေးကြီးကို ထီးတည်း ခုတ်မောင်းသွားရရှာရဲ့။ အနာဂတ်အတွက် တဲ့ လေ..။
ဘယ်လောက် နာကျင်စရာကောင်းလိုက်တဲ့ ဘ၀လဲ။ ခွန်အားတွေ.. လောင်စာ
တွေအပြည့်နဲ့ ပြန်လာခဲ့မှာ တဲ့။ ပြီးရင်.. နေရောင်ခြည်တွေ လင်းသစ်ရာဆီ
တွဲအိမ်ငါးလုံး အတူ ချိတ်ဆက်ပြီး ခုတ်မောင်းကြမယ် တဲ့။
အင်မတန်ချိုမြိန်တဲ့ မောင့်ရဲ့အိပ်မက်ထဲမှာ ရောင့်ရဲခြင်းနဲ့ ပြည့်စုံပျော်ရွှင်ရသော
မိသားစုဘ၀လေးက သိပ်ကို လင်းပြက် တောက်ပတယ်။ ဒါနဲ့ပဲ ခု ခဏ ခွဲရတာ…။
သုံးနှစ်ဆိုတာ သိပ်ကို ချစ်ခင် နွေးထွေးတဲ့ မိသားစု အတွက်တော့ သိပ်ဆွေး
မြေ့စရာကောင်းတဲ့ သုံးကမ္ဘာစာ လိုပါပဲ။ ဒါပေမယ့်.. ကျမတို့နှစ်ယောက်
အတူ ပျိုးခဲ့တဲ့ ပန်းပင်ကလေးသုံးပင် တက်ညီလက်ညီ သန်စွမ်း ပွင့်ဝေလာ
ဖို့အတွက် ဆိုရင်တော့.. အဲသည် သုံးကမ္ဘာစာကို ကျမတို့ အားခဲ ဖြတ်ကျော်
ရမှာပေါ့နော်။
ဒီနွေမှာ ကျမနဲ့ မောင်တို့ အတူ လက်တွဲ ကျော်ဖြတ်ခဲ့တာ ရှစ်နွေ တိုင်ခဲ့ပြီ။
အဲသည့် ရှစ်နွေကို ကျမ တစ်ခါမှ အလွမ်းနှင့် သောကနှင့် မဖြတ်သန်းခဲ့ရဖူးပါ။
မောင်က ကျမ သောက ခံစားရမှာကို အလွန် ပူပန်သူ။ စိတ်ကူး အင်မတန်
ယဉ်တတ်သော ကျမရဲ့.. သင်္ကြန်နွေကို ပင်လယ်ကမ်းခြေတွေမှာသာ
ကုန်လွန်စေလိုသော ဆန္ဒကို သူ အမြဲ ဖြည့်ဆည်းပေးနေကျ…။
ထိုအခါ…ကျမက အခုနှစ်မှာ နွေလယ်တန်ခူးရဲ့ ပွဲတော်ဆိုတာကို မသိချင်
တော့ပါ။ အင်မတန်ပူသော တန်ခူးနွေကို သည်တစ်ကြိမ်မှာ ကျမ ဘယ်လို
စိတ်အေးချမ်းခြင်းမျိုးနှင့် ဖြတ်ကျော်ရမှာလဲ…။ လွန်ခဲ့သော နွေ က ဖြင့်
ကျမကို စိတ်အေးချမ်းခြင်းနှင့်သာ ပြီးပြည့်စုံစေခဲ့ပါသည်။
+++++
ဆက်ပါဦးမည် ...
ကလောင်ရှင် - မေငြိမ်း
Credit - Empress မဂ္ဂဇင်း။
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ