ရွေးချယ်ကြည့်ရှုရန်
Friday, 18 September 2015
ကဗျာဂျာနယ်အတွဲ၁အမှတ်၂
ပွင့်ဖူးစအချစ်
ခါးသက်သက်နဲ့
အချိန်စောကာ
မြေခရှာရ ငါ့ဘဝမှာ
တွယ်တာနစ်မျော
ကြင်နာဇောကြောင့်
အချိန်တွေကြာလေ
ပိုချစ်လေမို့
နှလုံးသားနုနု
အချစ်များစုတော့
မေတ္တာစကား
ပြောချင်ငြားလည်း
ပြောခွင့်မရှိ
ခက်ကြုံဘိမို့
ပိုင်ရှင်ရှိသော
ပန်းကလေးရေ
အသွင်တင့်လို့
ပင်မြင့်မှာပဲ
ပွင့်ပါတော့ကွယ် ။
ရေးသူ-စစ်မျိုးဗလ
'
'မလျှော့သော ဇွဲ''
ဘဝရှေ့ရေး ကောင်းစေရေးတွက်
မျှော်တွေးနေ့စဉ် စိတ်ကူးယဉ်လျက်
အနာဂါတ်လမ်းစ ဖွေရှာရလို့
နဖူးကချွေး ခြေမပြေးလည်း
အပြုံးမပျက် ရှေ့ကိုဆက်၍
လှမ်းသောခြေ မယိုင်နဲ့ဖို့
မလျှော့သောဇွဲ ဝရီယတွဲလျက်
ဝေးသောပန်းခိုင် အလှိုင်လှိုင်ကို
ရဖို့အရေး ကြံဆတွေးကာ
ရင်မောစွာဖြင့် ရှေ့ကိုဆက်သည်
အားအင်ကုန်ခမ်း နွမ်းလျပန်းလည်း
စိတ်ထဲမှာတော့ ရည်ရွယ်မြဲမို့
မဖြစ်နိုင်လည်း သေသည့်တိုင်ပဲ
သွားမည်ဧကန် မုဒ်ချမှန်မို့
သေသွားသော်ငြား ရှော့ပြီလားဟု
မမေးလေနဲ့ ကျွနုပ်မြုပ်နံရာ
မြေနေရာကို သွား၍ကြည့်ပါ
အရိုးတွေများ ပန်းတိုင်သွားလမ့် ။
ရေးသူ-စစ်မျိုးဗလ
''
ငါ၏ စွမ်းရည်''
ချိန်တွေကြာညောင်း ရက်လပြောင်း၍
နှစ်ဟောင်းစွန့်ခွါ နှစ်သက်လာတော့
ဇရာတွေလည်း ကြီးခဲ့ပြီ
ကုန်လွန်ချိန်များ စိတ်ဝယ်ထား၍
စေ့စေ့တွေးကြည့် ကျိုးမရှိနှင့်
ငါကားဘာမျှ မစွမ်းနိုင်ခဲ့ ။
လမ်းသစ်ဖွေရှာ ခင်းဖေါက်ပါလည်း
ငါကားလမ်းပေါ် မရောက်သေး
သြော် ဘဝတစ်ဖြာ လူဖြစ်လာရ
ထိုကာလမှာ ငါ၏တတ်အား
စာစပ်အားဖြင့် လောကကိုပင်
အလှဆင်အံ့ ။
ရေးသူ-စစ်မျိုးဗလ
''
အချစ်သဋ္ဌေး''
ဟောဟိုမှာ မာယာကြွမ်း
သူတကားကမ်းတဲ့ ချစ်ဖိတ်စာ
မရှောင်သာ လှယဉ်ကြောမှာ
နစ်မျောရ သူသူငါ
မူပိုစွာ ပြုံးသကာနှင့်
သူ့မာယာ ဝင်္ကပါတောမှာ
ကျားမျက်ရေ ခြေဆေးရော့လား
မသွေတမ်း စိတ်ဝယ်နွမ်း၍
လာရာလမ်း မြန်းမယ်ကြံတော့
ရင်မှာဟာ သည်းဗလာနှင့်
ချစ်သဋ္ဌေးမလေးရေ
နင့်အချစ်က အဆိပ်ပန်း ။
ရေးသူ-စစ်မျိုးဗလ
'
'ရုန်းရင်းကန်ရင်း''
လေထန်တိုင်းသာ ပွင့်ကြွေပါမူ
ဘယ်မှာပန်းများ ကျန်မည်နည်း ။
လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
ဘယ်မှာမြေကြီး ကျန်မည်နည်း ။
ကျဆုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာမျက်ရည် ကျန်မည်နည်း။
အမှောင်တစ်ဝက် လင်းတစ်ဝက်သည်
တစ်ရက်တစ်ခါ ကြုံမြဲသာတည့် ။
အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ
မျက်လှည့်ပမာ တွေ့မြဲသာတည့်။
ဘဝသည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသောမှောင်သော အောင်သောရှုံးသော
ချစ်သောမုန်းသော သစ်သောဟောင်းသော
ကောင်းသောဆိုးသော ညိုးသောလန်းသော
ကြမ်းသောနုသော ပူသောအေးသော
စိတ်ကြောစိတ်ဖြာ မနေသာ ။
လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့ရှောက်၍
ရောက်ရာဘဝ အားမာနပြရင်း
ရုန်းကန်ရမည်တကား ။
ရေးသူ-စစ်မျိုးဗလ
(ဆရာဦးအေးငွေရဲ့ ကဗျာလေးပါဘဝသမားတွေအတွက်ပေါ့)ေေ
'ပင့်သက်''
ကံနယ်ခေဘိ ငွေမရှိနှင့်
တွေးယဉ်စိတ်ကူး မျှော်လင့်ဖူးလည်း
အိပ်ပေါက်ဖါးကောက် ရာမရောက်ခဲ့ ။
ဆိုးသည့်ဘဝ နစ်မွန်းရသော်
ရေးပေါ်ရုပ်ရေး မဖြစ်သေးမို့
ဘဝမှတ်တိုင် စိုက်ထူနိုင်လိမ့် ။
ခါးသည်းကြမ္မာ ဖန်လေလာတော့
ရှောင်လွှဲမရ ဝဋ်ဒုက္ခနှင့်
ကြောင်းကျိုးမသိ ဖြစ်နေပါ၏ ။
ငါ၏ဘဝ မလှပ၍
ရည်ရွယ်ပန်းတိုင်း ခိုင်လှိုင်ကြိုင်လည်း
အလှမ်းဝေးကွာ မပန်သာတော့ ။
ဘိတ်ဆုံးနောက်က ငါဖြစ်လာရ
ဒီဘဝမှာ မွှေးသောပန်းလည်း
လှပတင့်တယ် မလှမ်းဝံ့တယ် ။
ရေးသူ-စစ်မျိုးဗလ
''
နင်သိစေဖို့'
သမုဒယ သစ္စာရယ်
အခုမှ ခက်ကာနေတယ်
အနုအလှ ပြုသမျှကို
ယုယတယ် မထင်လေတော့
ဝေဒနာ ဖြေမချိတာမို့
သီတာရယ် နင်သိလေဖို့
ငါဘယ်လို ပြောရပါ့ ။
မကြင်နာ သွေခွါတိမ်းနေတဲ့
ချစ်သက်လျာ သီတာလှကို
ဟိုစဉ်ခါ သံသရာက
ကြင်လည်စဉ် ရင်မှာစွဲခဲ့လို့
ချစ်မီးတဏှာ ဝင်္ကပါမှာ
သီတာရယ် ညှာတာလှည့်ပါတော့
ငါ့မှာတော့ အပူမီး ။
မှုံနသာ ချယ်ကာသ
မြင်သူက ရှုမဝအောင်
ပင်ကိုလှ သဘာဝမှာ
ငါရင်မော ချစ်ဇောဖြစ်တာမဟုတ်
တကယ်တော့ နင့်အလှဆိုတာ
ငါ့အသည်းထဲမှာပဲ ရှိပါတယ်
သီတာရယ် မြင်နိုင်ရင်
ဒီရင်မှာ ရှိသမျှ သိနိုင်လိမ့် ။
ရေးသူ-စစ်မျိုးဗလ
******************************************************************
ဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာ။ကျွန်တော်လည်းမအားတဲ့ကြားထဲကတင်ပေးရတာမို့ပါ။ကဗျာတွေကတော့အများကြီးရောက်နေပါတယ်။နောက်မှဆက်တင်ပေးပါ့မယ်။ခုလိုကဗျာဂျာနယ်လေးမှာပါဝင်ချင်တယ်ဆိုရင်တော့ဖုန်းနံပါတ် 09256480246ကိုviberနဲ့ပေးပို့နိုင်ပါတယ်။ကဗျာပေးပို့လိုပါက ကဗျာခေါင်းစဉ်နဲ့ကဗျာရေးသူနာမည်ပါထည့်ပေးဖို့မေတ္တာရပ်ခံပါတယ်။နှစ်သက်သဘောကျလို့ကူညီချင်တယ်ဆိုရင်တော့ကြိုက်နှစ်သက်ရာMPT/OOREDOO/TELENORငွေဖြည့်ကဒ်လေးတွေကိုအထက်ပါဖုန်းနံပါတ်မှာပေးပို့ကူညီနိုင်ပါတယ်ခင်ဗျာ။
တင်ဆက်သူ-အောင်မြင့်မြတ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ