ရွေးချယ်ကြည့်ရှုရန်
Tuesday, 28 July 2015
ခင်
ခင်ကို စတင်တွေ့ရှိမှုဟာ ဘဝ ဆိုတာဖြစ်နိုင်တယ်၊
ဒါမှမဟုတ်
ခင်ဟာ ငါ့အတွက် အာဏာရှင်၊
ခင်ဟာငါ့အတွက် စစ်အစိုးရ၊
ခင်ဟာငါ့အတွက် အာဏာသိမ်းတပ်မတော်ပဲ၊
ခင်ဟာငါ့အတွက်ဥပဒေ၊ တရားမျှတမှုပဲ။
ခင့်ကို “မပိုင်ဆိုင်ရဘူးဆိုတာမျိုး”
အဲ့ဒိအိပ်မက်ဆိုးတွေ တောင်
ခင်ပါရင်လှနေတော့မှာ
ခင်ဟာ လူ့ပြည် အဝင်တံခါးစောင့်နတ်သမီးလေးအဖြစ်နဲ့ပဲ
ကျွန်တော့်ရောက်နိုင်စွမ်းတွေနဲ့ဝေးခဲ့တယ်၊
ကိုယ်သင်းရနံ့ဆိုတာထပ် လေထုဟာ ခင်ကိုယ်တိုင်ပဲ
ဘာငှက်ပဲ ဖြစ်ခဲ့ဖြစ်ခဲ့ အဲ့ဒိတောင်ပံတွေသာ
ပိုင်ဆိုင်ရရင် ခင့်အတွက်ပဲ ပျံသန်းဖို့
ဖြစ်မယ်ဆိုနိုင်မယ်ဆိုတာ သံသယ မရှိခဲ့ဘူး
အခုတော့ မျှော်လင့်ချက်တွေက ဘယ်တုန်းကမှ
မပိုင်ဆိုင်ခဲ့ရတဲ့ အဲ့ဒိ တောင်ပံတွေလိုပဲ အိပ်မက်တွေဟာ ဖြစ်နိုင်တဲ့ပုံစံနဲ့ တော့
သူတို့ ဟာ ခင့် စီကို ဦးတည်ပျံသန်းနေကျတယ်
မိုးတွေရွာနေတဲ့ သူများတွေ ကမ္ဘာကို နေပူထဲက ထိုင်ကြည့်ရသလိုပဲ
ခင်နဲ့ပက်သက်ခွင့်ရှိသူတွေက အင်မတန်မှ မနာလိုပြစ်လိုက်ဖို့ကောင်းတယ်၊
နောက်ပြီး အလွမ်းကိုယ်တိုင်ဟာပင် ခင်ဖြစ်တယ်၊
မိုင်တိုင်တွေဟာ ချွဲပြစ်ပြစ်နဲ့သာ နွံတွေဖြစ်သွားရတာမျိုး
သူတို့ဟာ ခင့် အတွက်သာ ရှိသောကျွန်တော်၏ချစ်ခြင်းတွေကို မနာလိုစွာ
ကျွန်တော့်ကို နှစ်ပြစ်(နစ်)ကြ၏ ခင်သာလျှင် နစ်မွန်းမှုတွေကို
အသက်ပြန်ရှုနိုင်စေ သော အားဖြစ်သည်။
ကျွန်တော့အတွက်တော့ ခင်ဟာ အောက်စီဂျင်ဖြစ်သည်၊
မရှိမဖြစ်ဆိုသလို လောင်ကျွမ်းစေ၏။
အလွမ်း ကို ထုတ်ဖော်ပြသပါဆိုသော
မေးခွန်းရဲ့အဖြေဟာ ခင်ပဲဖြစ်သည်။
လူမှုစာမျက်နှာတွေပေါ်က
သူမ profile ဓါတ်ပုံလေးသာ အလွမ်းဖြစ်ကြောင်းးပြောပြမည်ဖြစ်သည်။
ခင်ဟာအိပ်မက်ဖြစ်သည်
ထို့ကြောင့်ကျွန်တော်သည် မနက်ခင်းတွေကိုသာ ခက်ခဲစွာ နိုးထရပါသည်၊
ပြင်ပလောကတွင် ခင်သည်
အဆင်မပြေသော်လည်းသူ့ချစ်သူ ကို ချစ်ကြောင်းတဖွဖွပြောနေတက်သည်၊
အိပ်မက်ပြင်ပတွင်
ကျွန်တော်သည် ခင်မသိသော သူစိမ်းတစ်ယောက်ဖြစ်သည်
၊ ခင်ဆိုသည်မှာ တခြားတစ်ယောက် ဖြစ်သည်၊
တခြားတစ်ယောက် ဆိုသည်မှာ သားဖွား ဆရာဝန်မလေးဖြစ်သည်၊
ထိုတခြားတစ်ယောက်ထံတွင် ချစ်သူရှိသည်၊
သူသည် ကျွန်တော့ထက် အတော်လေး ရုပ်ဆိုး သည်ဟုထင်သည်၊
အိပ်မက်ခြင်းဖြင့်သာ ကျွန်တော်သည် ခင့် ကို ပိုင်ဆိုင်ရသည်
ထိုသို့ဖြင့်သာ ကဗျာဆရာသည် အချိန်တိုင်း
အိပ်ပျော်နေသော ဇာတ်ကောင် ဖြစ်လာခဲ့သည်။
မင်းသိကြား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ